မနေ့ညက ဗီလာပါ့ခ်ကွင်းမှာ အိမ်ရှင် အက်စတွန် ဗီလာနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဧည့်သည် အာဆင်နယ်အသင်းက ဒုတိယပိုင်း ပွဲကစားချိန်အတွင်း လူစားဝင်လာတဲ့ တိုက်စစ်ကစားသမား ထရော့ဆာရဲ့ အဖွင့်ဂိုး ကွင်းလယ်လူ သောမတ်စ် ပါတေးတို့ရဲ့ ဂိုးတွေနဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။
ဒီပွဲစဉ်မှာ အာဆင်နယ်က ဒုတိယပိုင်းမှသာ မာတင်နယ်လီနေရာကို ထရော့ဆာနဲ့ လူစားလဲ အသုံးပြုပြီးနောက် မိနစ်ပိုင်းလေးအကြာမှာပဲ အသင်းအတွက် သွင်းဂိုး စတင် ရရှိလာခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ထရော့ဆာကို ထည့်သွင်းလိုက်ချိန်မှာပဲ တိုက်စစ်ပိုင်းက ပိုမို ထက်မြက်လာပြီး လိုအပ်နေတဲ့ ဦးဆောင်ဂိုးကိုပါ ထရော့ဆာ ကိုယ်တိုင်က သွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit : The Telegraph
ထရော့ဆာက ဝုလ်ဗ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာလည်း အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ရပြီး ပွဲပြီးခါနီး မိနစ် (၈၀)မှသာ ကစားခဲ့ရသလို အခု ဗီလာနဲ့ပွဲမှာလည်း (၆၇)မိနစ်မှသာ ဝင်ကစားခဲ့ရပါတယ်။ ဒီလို ပွဲထွက်ကစားသမားစာရင်းကနေ ဆက်တိုက် ချန်လှပ်ခံနေရတဲ့ ထရော့ဆာဟာ အဖွင့်ဂိုး သွင်းယူပြီးနောက် အောင်ပွဲခံခြင်း မရှိခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး နည်းပြ အာတီတာက “ကစားသမားတစ်ဦးအနေနဲ့ line-up ထဲမှာ ရွေးချယ်မခံရတဲ့အခါ ဒါကို နည်းလမ်း အမျိုးမျိုးနဲ့ တုံ့ပြန်တက်ကြပါတယ်။”
“လီယို(ထရော့ဆာ)လည်း စိတ်ဆိုးနေခဲ့တယ် ဆိုပေမယ့် စိတ်ဆိုးနေတာကို မပြသခဲ့ပဲ သူ ဘယ်လောက်အထိ ကောင်းမွန်အောင် စွမ်းဆောင်နိုင်ကြောင်းကိုသာ ကွင်းထဲမှာ ထုတ်ပြလိုက်တယ်။ ဒါက ကြီးမားတဲ့ အရည်အသွေးတစ်ခုပါပဲ။ နောက်ပြီးတော့ သူ့ကို ပွဲထွက်လူစာရင်းမှာ ထည့်လိုက်မယ်ဆိုရင်လည်း သူက အဲ့ဒီလို တစ်ပုံစံတည်းကို ပြသပါလိမ့်မယ်။”
Photo Credit : The Irish Times
“ဒါက အသင်းက ကျန်တဲ့ ကစားသမားတွေ အားလုံးအတွက်နဲ့ ကျွန်တော့်အတွက်ပါ ကြီးမားတဲ့ နမူနာ ယူစရာမျိုး ဖြစ်နေပါတယ်။ ကျွန်တော်တို့ဆီမှာ အရမ်းကောင်းမွန်တဲ့ ဘယ်တောင်ပံ ကစားသမား (၂)ဦးထိ ရှိနေသလို ရီးစ် နယ်လ်ဆန်ကလည်း အဲ့ဒီနေရာမှာ ကစားနိုင်တာမို့ ကစားသမားတွေအတွက်က ပွဲကစားခွင့်တွေဟာ အမြဲတမ်း စိန်ခေါ်မှု ဖြစ်နေပါမယ်။ ကစားသမားတိုင်းမှာလည်း ဒီလို အရည်အသွေးမျိုး ရှိရမယ်ဆိုတာ သိထားရပါမယ်။” လို့ အာတီတာ ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ ဝုလ်ဗ်ကိုရော ဗီလာကိုပါ (၂)ပွဲဆက်တိုက် Clean Sheets နိုင်ပွဲတွေနဲ့ အနိုင်ယူခဲ့ပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲထဲ အာဆင်နယ်လို (၂)ပွဲဆက်တိုက် အနိုင်ရထားတဲ့ အသင်းက မန်စီးတီး ဘရိုက်တန်တို့သာ ရှိနေသေးပြီး မန်စီးတီးကတော့ ဂိုးကွာခြားချက်အသာနဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နေပါတယ်။