မန်ချက်စတာ စီးတီးအသင်းရဲ့ နော်ဝေ ကြယ်ပွင့် ကစားသမားလေး အော်စကာ ဘော့ဘ်ဟာ ဒဏ်ရာ အခြေအနေကြောင့် လာမယ့် ၂၀၂၅ ဇန်နဝါရီလလောက်အထိ အနားယူသွားရနိုင်တယ်လို့ မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ဟူလီယန် အဲလ်ဗာရက်ဇ်ကို အသက်လက်တီကို မက်ဒရစ်အသင်းဆီ ရောင်းချခဲ့ပြီးနောက် သူ့နေရာအတွက် ကစားသမားသစ် ဖြည့်တင်းခြင်း မပြုပဲ အသင်းက လူငယ် ကစားသမားလေး အော်စကာ ဘော့ဘ်ကိုသာ နေရာပေးသွားဖို့ ရှိနေပေမယ့် ကံမကောင်း အကြောင်းမလှကာ အော်စကာ ဘော့ဘ်က ရာသီမစခင်မှာပဲ ဒဏ်ရာရသွားခဲ့ပါတယ်။

Photo Credit : The New York Times

အသက် (၂၁)နှစ်အရွယ် နော်ဝေ ညာတောင်ပံ ကစားသမားလေး ဘော့ဘ်ဟာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာပဲ ခြေထောက်ကျိုး ဒဏ်ရာကို ခံစားလိုက်ရတာကြောင့် (၃)လမှ (၅)လခန့်လောက်အထိ အနားယူရနိုင်တယ်ဆိုပြီး ခန့်မှန်းခဲ့ပေမယ့် အခုတော့ စီးတီးနည်းပြ ဂွာဒီယိုလာကိုယ်တိုင် ဘော့ဘ်ဟာ ဇန်နဝါရီလောက်အထိ နားရနိုင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

“အော်စကာ ဘော့ဘ်က လာမယ့် ဇန်နဝါရီလလောက်အထိ အနားယူသွားရနိုင်ပါတယ်။ သူ ဒဏ်ရာကနေ သက်သာလာလို့ အသင်းအတွက် ပြန်ကစားပေးနိုင်တဲ့အခါကျရင် ကျွန်တော်တို့က သူ့ကို နွေးနွေးထွေးထွေးနဲ့ကို ကြိုဆိုသွားမှာပါ။ ဒီနိုင်ပွဲ(ချယ်လ်ဆီးကိုအနိုင်ရတဲ့ပွဲ)ကလည်း သူ့အတွက်ပါပဲ။” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Fabrizio Romano

၂၀၁၉ခုနှစ်ကတည်းက မန်စီးတီး လူငယ်အကယ်ဒမီဆီကို ရောက်ရှိနေခဲ့တဲ့ အော်စကာ ဘော့ဘ်ဟာ ညာတောင်ပံမှာသာမက ဘယ်တောင်ပံနဲ့ ကွင်းလယ်တိုက်စစ် နေရာတွေအထိ လိုက်ပါကစားနိုင်တဲ့ အရည်အသွေးမြင့် လူငယ် ကစားသမားလေးတစ်ဦး ဖြစ်ပါတယ်။

ဘော့ဘ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကနေ စတင်ပြီး မန်စီးတီး စီနီယာအသင်းကြီးအတွက် ကစားပေးခွင့်တွေ ရရှိခဲ့သလို တစ်ရာသီလုံးမှာလည်း ပြိုင်ပွဲစုံ (၂၆)ပွဲခန့်အထိတောင် ကစားခွင့် ရခဲ့ပါသေးတယ်။ ဒါ့အပြင် ရာသီအစပိုင်း ကွန်မြူနတီဒိုင်းပွဲမှာလည်း မန်စီးတီးအတွက် ပါဝင်ကစားပေးရင်း အရေးပါတဲ့ ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့အပြင် ပင်နယ်တီ အဆုံးအဖြတ်မှာ ပင်နယ်တီကို ဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။