တော့တင်ဟမ် ဟော့စပါးအသင်းဟာ ဒီနွေဈေးကွက်မှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူသွားဖို့ ရှိနေရာ လက်ရှိမှာတော့ ဘုန်းမောက်အသင်းက အင်္ဂလန် တိုက်စစ်မှူး ဒိုမနစ် ဆိုလန်ကီကို စိတ်ဝင်စားနေပြီး ဘုန်းမောက်နဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက အသင်းရဲ့ အားအထားရဆုံး တိုက်စစ်ကစားသမား ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းဆီ လက်လွတ်ခဲ့ရပြီးနောက်ပိုင်း ဟယ်ရီကိန်းနေရာမှာ တိုက်ရိုက် အစားထိုးမယ့် တိုက်စစ်မှူးကို ပြန်လည် မခေါ်ယူနိုင်ခဲ့ပဲ ဘရန်ဒန် ဂျွန်ဆင်နဲ့ တီမို ဝါနာတို့ကိုသာ ခေါ်ယူနိုင်ခဲ့ပါတယ်။
Photo Credit : The Spurs Web
အခုတော့ စပါးအသင်းက ရစ်ချာလီဆန်ကိုလည်း ဒီနွေမှာပဲ အသင်းကနေ ရောင်းထုတ်ဖို့ ရှိနေသလို လူငယ် တိုက်စစ်ကစားသမားလေး အလီဟို ဗယ်လစ်ဇ်ကလည်း အက်စပန်ညိုအသင်းဆီ အငှားချသွားတော့မှာမို့ တိုက်စစ်ပိုင်းအတွက် ကစားသမား ဖြည့်တင်းဖို့က မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။
ဒါကြောင့်ပဲ စပါးအသင်းက လီဗာပူးလ် ချယ်လ်ဆီးတို့ရဲ့ ကစားသမားဟောင်းဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာလည်း ဘုန်းမောက်အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး (၁၉)ဂိုးအထိတောင် သွင်းယူပေးနိုင်ခဲ့တဲ့ အသက် (၂၆)နှစ်အရွယ် တိုက်စစ်မှူး ဆိုလန်ကီကို စိတ်ဝင်စားလာခဲ့ပါတယ်။
Photo Credit : talkSPORT
ဆိုလန်ကီက ဘုန်းမောက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့လည်း ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုလန်ကီနဲ့ ဘုန်းမောက်အသင်းတို့ကြားမှာလည်း ပေါင် (၆၅)သန်းတန် စာချုပ်ဖျက်သိမ်းကြေးပါ သတ်မှတ်ထားတာဖြစ်လို့ ဒါက စပါးအတွက်တော့ အနည်းငယ် စဉ်းစားစရာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် စပါးဘက်ကတော့ ဆိုလန်ကီကို ခေါ်ယူနိုင်ဖို့အတွက် ဘုန်းမောက်အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေရင်း ကမ်းလှမ်းမှုကို ဘယ်လိုပုံစံနဲ့ လုပ်ဆောင်သွားရမလဲဆိုတာ စီစဉ်လျက်ရှိနေသလို ကစားသမားဘက်ကလည်း စပါးလို ကလပ်အသင်းကြီးဆီ ပြောင်းရွှေ့ခွင့် ရရှိဖို့ စိတ်အားထက်သန်နေပြီး စပါးရဲ့ ကမ်းလှမ်းမှုကိုလည်း လက်ခံသွားဖို့ အသင့်ရှိနေပါတယ်။