အာဆင်နယ်အသင်းရဲ့ ယူကရိန်း ဘယ်နောက်ခံကစားသမား အိုလက်ဆန်းဒါး ဇင်ချန်ကိုဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ထားပေမယ့် လက်ရှိမှာတော့ ကျောနံပါတ် အပြောင်းအလဲ ဖြစ်သွားခဲ့ပြီးတဲ့နောက် အာဆင်နယ်မှာပဲ ဆက်ရှိသွားရဖို့ အခြေအနေ ပိုများသွားခဲ့ရပါတယ်။

ယူကရိန်း လက်ရွေးစင် ကစားသမား ဇင်ချန်ကိုဟာ မန်ချက်စတာ စီးတီးကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ပထမရာသီမှာ ခြေစွမ်းကောင်းတွေ ပြနိုင်ခဲ့ပေမယ့်လည်း မနှစ်က ရာသီမှာတော့ ပုံမှန်ခြေစွမ်း ပြနိုင်ဖို့တောင် ရုန်းကန်ခဲ့ရပြီး အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : talkSPORT

ဒါကြောင့်လည်း အာဆင်နယ်က ဒီနွေဈေးကွက်မှာ ဘယ်ခြမ်းခံစစ်နေရာ ကစားနိုင်မယ့် နောက်ခံကစားသမားဖြစ်တဲ့ အီတလီ ခံစစ်မှူး ရီကာဒို ကာလာဖီအိုရီကို ဘိုလော့ဂ်နာကနေ အရ ခေါ်ယူခဲ့တာဖြစ်ပြီး အခုဆို ဇင်ချန်ကိုက ကာလာဖီအိုရီ ရောက်ရှိလာမှုကြောင့် အသင်းကနေ ထွက်ခွာရဖို့က အခြေအနေ အရမ်းများလာခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်က အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ စီဒရစ်ရဲ့ ကျောနံပါတ်ဖြစ်တဲ့ (၁၇)ကို ဇင်ချန်ကိုကို လွှဲပြောင်းပေးခဲ့ပြီးနောက်မှာတော့ ဇင်ချန်ကိုအနေနဲ့ အသင်းကနေ ရောင်းချမခံရတော့ပဲ ကာလာဖီအိုရီရဲ့ အရန်အဖြစ် ဆက်လက် ကစားသွားရဖွယ် ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Arsenal FC

ဇင်ချန်ကိုကတော့ ကျောနံပါတ် အပြောင်းအလဲ ဖြစ်ခဲ့ရခြင်းအပေါ် “ဒီနံပါတ် (၁၇)ဆိုတာက ကျွန်တော့်အတွက် အရမ်းကို ထူးခြားတဲ့ နံပါတ်ပါ။ ကျွန်တော် ငယ်စဉ်ကတည်းက အမြဲတမ်း ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်လည်း ဖြစ်သလို နိုင်ငံအသင်းအတွက် ကစားရစဉ်တုန်းကလည်း ကျောနံပါတ် (၁၇)ကို ဝတ်ဆင်ရဖို့ တောင်းဆိုခဲ့ပါသေးတယ်။”

“အခု အသင်းကနေ စီဒရစ် ထွက်သွားတဲ့အချိန်မှာလည်း ကျောနံပါတ် (၁၇)က လွတ်သွားလို့ ကျွန်တော် ဝတ်ဆင်ခွင့် ရမလားဆိုပြီး တောင်းဆိုခဲ့ပါတယ်။ ကျွန်တော့် တောင်းဆိုမှုကို ဖြည့်တင်းပေးခဲ့တဲ့ အသင်းက တာဝန်ရှိသူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။” လို့ ပြောဆိုခဲ့ပြီး အာဆင်နယ်အနေနဲ့ ဇင်ချန်ကိုကို အသင်းမှာ ဆက်ထားမယ့် အစီအစဉ် ရှိနေပြီး နောက်ထပ် ဘယ်နောက်ခံလူ တီယာနေးကိုသာ အသင်းကနေ ရောင်းချသွားနိုင်ပါတယ်။