မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ်က သူ့အနေနဲ့ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလားတွေကို ရယူသွားချင်တယ်လို့ MUTV နဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
အသက် (၂၆)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ၂၀၀၅ခုနှစ်ကတည်းက ယူနိုက်တက်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး (၁၀)နှစ်ခန့်အကြာ ၂၀၁၆ခုနှစ်မှာပဲ ယူနိုက်တက် စီနီယာအသင်းကြီးအတွက် မထင်မှတ်ပဲ စတင် ကစားပေးခွင့် ရရှိခဲ့ရင်း အသင်းအတွက် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
Photo Credit : Manchester United FC
အဲ့ဒီအချိန်ကနေ စတင်ပြီး ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခုဆိုရင် ယူနိုက်တက်နဲ့ ဘောလုံးရာသီ (၉)ရာသီအထိ ဖြတ်သန်းထားခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၄၀၂)ပွဲကစား (၁၃၁)ဂိုး သွင်းယူကာ (၆၆)ဂိုး ဖန်တီးပေးထားနိုင်ခဲ့သလို ယူရိုပါလိဂ်ဖလား (၁)ကြိမ် အက်ဖ်အေဖလား (၂)ကြိမ် လိဂ်ဖလား (၂)ကြိမ်နဲ့ ကွန်မြူနတီဒိုင်း (၁)ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် ရပ်ရှ်ဖို့ဒ်က ယူနိုက်တက် ကစားသမားဘဝထဲ မရယူဖူးသေးတဲ့ ဆုဖလားက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လို ဆုဖလားကြီးတွေ ရှိနေသေးပြီး ယူနိုက်တက်ကလည်း ချန်ပီယံလိဂ်ကို ၂၀၀၇-၂၀၀၈ ရာသီကမှ နောက်ဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလားကိုလည်း ၂၀၁၂-၂၀၁၃ ရာသီက နောက်ဆုံးတစ်ခေါက်အဖြစ် ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Manchester United FC
ဒီလို မဆွတ်ခူးဖူးသေးတဲ့ ဆုဖလားကြီး (၂)ခုနဲ့ ပတ်သက်ပြီး တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က “အသက်ကြီးလာတာနဲ့အမျှ အိမ်မက်တွေက ပြောင်းလဲလာတက်ပါတယ်။ ပထမကတော့ မန်ယူနိုက်တက်မှာ ကစားရဖို့ အိမ်မက်ခဲ့ရင်း ကစားခွင့်ရလာတော့ အိမ်မက်က ဆုဖလားတွေ ရယူဖို့ ဖြစ်လာခဲ့တယ်။ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့လို ဆုဖလားကြီးတွေ ဆွတ်ခူးနိုင်ဖို့အတွက် အိမ်မက်တွေ ရှိနေပါသေးတယ်။ ဒီအိမ်မက်ကို အသက်သွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ပြောဆိုသွားခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက် အခြေအနေက လက်ရှိမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့် အနေအထားမှာ ရှိမနေသေးတဲ့အပြင် ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ကလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်တောင် မရှိတာကြောင့် ဒီရာသီမှာထဲ ယူရိုပါလိဂ်ဖလားနဲ့ နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက်ကိုသာ ဦးစားပေး ပစ်မှတ်ထားရဖို့ ရှိနေပါတယ်။