ရိုးမားအသင်းဟာ လာမယ့် ဘောလုံးရာသီအတွက် တိုက်စစ်ပိုင်း အင်အားဖြည့်တင်းမှုကို ကျေနပ်အားရစရာကောင်းအောင် လုပ်ဆောင်လျက် ရှိနေပြီး မကြာခင်မှာပဲ အသင်းဆီကို မာသီးယပ်စ် ဆိုလေးနဲ့ အာသန် ဒေါ့ဗစ်ခ်တို့ တိုက်စစ်ကစားသမား (၂)ဦး ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

လက်ရှိ ရိုးမားအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒီဘားလား အေဘရာဟမ် အယ်ရှာရာဝီတို့လို ကစားသမားတွေ ရှိနေပေမယ့် အေဘရာဟမ်ရဲ့ အနာဂတ်က မသေချာတော့သလို ဒီဘားလားကလည်း သူရဲ့ လျော်ကြေးစာချုပ်ကြောင့် အချိန်မရွေး အသင်းတစ်သင်းသင်းဆီ ရောက်သွားနိုင်တဲ့ အခြေအနေကြောင့် တိုက်စစ်အတွက် အားဖြည့်မှုတွေ စတင် လုပ်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Juvefc

လက်ရှိမှာ အသင်းကို ရောက်ရှိလာတော့မယ့် တိုက်စစ်ကစားသမားကတော့ အသက် (၂၁)နှစ်သာ ရှိနေသေးတဲ့ အာဂျင်တီးနား ညာတောင်ပံကစားသမားလေး မာသီးယပ်စ် ဆိုလေးပါ။ ၂၀၂၀ခုနှစ်ကတည်းက ဂျုဗင်တပ်စ် လူငယ်အသင်းဆီ ရောက်ရှိနေတဲ့ ဒီကစားသမားလေးက ပြီးခဲ့တဲ့ ရာသီမှာတော့ ဖရိုဆီနိုနီအသင်းမှာ အငှားနဲ့ ပါဝင်ကစားဖြစ်ခဲ့ပါသေးတယ်။

ကွင်းလယ်တိုက်စစ် ညာတောင်ပံနဲ့ တိုက်စစ်နေရာတွေအထိပါ လိုက်ပါကစားနိုင်သူ ဆိုလေးဟာ ဖရိုဆီနိုနီအတွက် စီးရီးအေ သွင်းဂိုး (၁၁)ဂိုးအထိတောင် သွင်းယူခဲ့ပြီး သူ့ကို ကလပ်အသင်းများစွာက ခေါ်ယူဖို့ ကြိုးစားရင်း နောက်ဆုံးမှာ ရိုးမားက လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရိုးမားက ဒီတောင်အမေရိက ကြယ်ပွင့်လေးကို မနက်ဖြန်မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုသွားပါတော့မယ်။

Photo Credit : Opta Analyst

ရိုးမားက ဆိုလေးကို အသင်းဆီ ခေါ်ယူပြီးသွားတာနဲ့ ဂျီရိုနာအသင်းရဲ့ ယူကရိန်း တိုက်စစ်မှူး အာသန် ဒေါ့ဗစ်ခ်ကို ခေါ်ယူနိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဂျီရိုနာအသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဒီတိုက်စစ်မှူးဟာ သူရဲ့ လာလီဂါ ပွဲဦးထွက်ရာသီမှာ (၂၄)ဂိုး သွင်းယူနိုင်ခဲ့တဲ့အထိ အတော်လေး တောက်ပနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒေါ့ဗစ်ခ်ကို ဥရောပ ထိပ်တန်းကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားခဲ့ရင်း အသက်လက်တီကိုအသင်းဆီ ရောက်ရှိဖို့ပါ နီးစပ်ခဲ့သေးပေမယ့်လည်း အပြောင်းအရွှေ့က ပျက်သွားချိန်မှာတော့ ရိုးမားက ဝင်ရောက် လှုပ်ရှားခဲ့ရာ အခုဆို ကစားသမားဘက်က ရိုးမားကို မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ရိုးမားနဲ့ ဂျီရိုနာအသင်းတို့ကြား သဘောတူညီမှု ရရှိဖို့သာ ကျန်ရှိနေတော့ပြီး ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀)ဝန်းကျင်လောက်နဲ့ အပြောင်းအရွှေ့က အထမြောက်ဖွယ် ရှိနေပါတယ်။