အာဆင်နယ်အသင်းဟာ ဒီနွေမှာ အီတလီ ခံစစ်ကစားသမား ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူဖို့ သေချာသွားတဲ့အချိန် ကွင်းလယ်ပိုင်းအတွက် ကစားသမားတွေကို စတင် ပစ်မှတ်ထားလာခဲ့ပြီး လက်ရှိမှာလည်း ပီအက်စ်ဂျီရဲ့ စပိန် ကွင်းလယ်ကစားသမား ဖေဘီယန် ရုစ်ဇ်နဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ကနဦးပိုင်းကတော့ အာဆင်နယ်ဟာ အဲဗာတန်အသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ အမာဒူ အိုနာနာကို ချိန်ရွယ်ခဲ့ပေမယ့်လည်း အက်စတွန် ဗီလာအသင်းက လက်ဦးမှု ရယူပြီး အိုနာနာကို ခေါ်ယူသွားခဲ့သလို အဲ့ဒီနောက်ပိုင်းမှာတော့ ယူရိုချန်ပီယံ စပိန်အသင်းရဲ့ ကွင်းလယ်လူ မီခဲလ် မော်ရီနိုကို ပြောင်းလဲ ပစ်မှတ်ထားလာပါတယ်။

Photo Credit : Transfermarket

အသက် (၂၈)နှစ်အရွယ် ဆိုစီဒက် ကွင်းလယ်ကစားသမား မော်ရီနိုကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူချင်နေပြီး ကစားသမားကပါ စပိန်ကလပ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေချိန်မှာ အာဆင်နယ်က မော်ရီနိုရဲ့ စပိန်အသင်းဖော်လည်း ပြီးခဲ့တဲ့ ယူရို-၂၀၂၄မှာပါ ခြေစွမ်းပြသနိုင်ခဲ့သူလည်းဖြစ်တဲ့ ဖေဘီယန် ရုစ်ဇ်ကို ပိုမို မျက်စိကျလာခဲ့ပါတယ်။

မော်ရီနိုလိုပဲ အသက် (၂၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရုစ်ဇ်ဟာ လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ်ကမှ နာပိုလီကနေ ပီအက်စ်ဂျီအသင်းဆီ ယူရို (၂၂.၅)သန်းတည်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး (၂)ရာသီအတွင်း ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ (၇၂)ပွဲအထိ ကစားပေးထားခဲ့ရပေမယ့် ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရတဲ့ ပွဲအရေအတွက်က နည်းပါးနေရပါတယ်။

Photo Credit : beIN SPORTS

လက်ရှိမှာလည်း ပီအက်စ်ဂျီဘက်က ပေါ်တူဂီ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ဂျာအို နေးဗက်စ်ကိုပါ ခေါ်ယူဖို့ လုပ်ဆောင်နေတာကြောင့် ရုစ်ဇ်ရဲ့ ပွဲကစားခွင့်တွေ ပိုမို နည်းပါးလာနိုင်တဲ့ အခြေအနေမှာ အာဆင်နယ်အသင်းကနေ ရုစ်ဇ်ကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းထံ ဆက်သွယ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းကို ဖော်ပြထားတဲ့ ဒန်ကန်ကာဆယ်ရဲ့ အဆိုအရ အာဆင်နယ်ဟာ ဖေဘီယန် ရုစ်ဇ်အတွက် တစ်ရာသီ အငှား + အပြီးသတ် ခေါ်ယူခွင့် ကမ်းလှမ်းချက်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနိုင်ပြီး ဒီအပြောင်းအရွှေ့မှာ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်ဖွယ်လည်း ရှိနိုင်ပါတယ်။