မန်ချက်စတာ စီးတီးအသင်းဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းဆီ ပြောင်းရွှေ့သွားဖွယ် ရှိနေတဲ့ ဂိုးသမား အီဒါဆင်ရဲ့နေရာမှာ ဂိုးသမားတစ်ဦး ပြန်လည် အစားထိုးသွားဖို့အတွက် ပီအက်စ်ဂျီရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်သူ ဒွန်နာရန်မာကို ပစ်မှတ်ထားနေတယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဘင် ဂျက်ကော့က သတင်းဖော်ပြလာခဲ့ပါတယ်။

မန်စီးတီးရဲ့ ပင်တိုင်ဂိုးသမား အီဒါဆင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီနှောင်းပိုင်း စပါးနဲ့ပွဲက ဖြစ်ရပ်တွေကြောင့် နည်းပြ ဂွာဒီယိုလာနဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေ ဖြစ်ခဲ့ရသလို အသင်းကလည်း သူ့ကို ဒီနွေဈေးကွက်အတွင်းမှာပဲ ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Goal

ကနဦးပိုင်းကတော့ ဘရာဇီးလ် ဂိုးသမား အီဒါဆင်ဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ဖို့ ရှိခဲ့ပေမယ့်လည်း အယ်လ်နာဆာက အီဒါဆင်အတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့်မပေးနိုင်ပဲ တခြား ဂိုးသမားတစ်ဦးကိုသာ ခေါ်ယူလိုက်ပါတယ်။ ဒါပေမယ့် အယ်လ်အစ်တီဟတ်က အီဒါဆင်ကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီး အီဒါဆင်အတွက်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)နဲ့ ကမ်းလှမ်းသွားဖို့ပါ ရှိနေပါတယ်။

ဒီအချိန်မှာ မန်စီးတီးအနေနဲ့ အီဒါဆင်ကို လက်လွတ်သွားရဖို့က အခြေအနေများနေပြီး အသင်းမှာလည်း အော်တီဂါ ရှိနေသေးပေမယ့် အသင်းအတွက် ထိပ်တန်း ဂိုးသမားတစ်ဦးလောက် ပြန်လည် ဖြည့်တင်းဖို့ လိုအပ်လာနိုင်တဲ့အတွက် ပီအက်စ်ဂျီက အီတလီ လက်ရွေးစင် ဂိုးသမား ဒွန်နာရန်မာကို ချိန်ရွယ်လာခဲ့ပါတယ်။

Photo Credit : Red Bull

အသက် (၂၅)နှစ်အရွယ် အေစီမီလန် ဂိုးသမားဟောင်း ဒွန်နာရန်မာဟာ ၂၀၂၁ခုနှစ်ကတည်းက မီလန်ကနေ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ ပီအက်စ်ဂျီနဲ့ (၃)ရာသီအထိ ဖြတ်သန်းထားခဲ့ပါတယ်။ ဒွန်နာရန်မာဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းက (၂)နှစ်သာ ကျန်ရှိတော့ပေမယ့်လည်း ပီအက်စ်ဂျီကတော့ ဒွန်နာရန်မာကို အသင်းရဲ့ အဓိက ကစားသမားအဖြစ် သတ်မှတ်ထားတဲ့အတွက် သက်တမ်းတိုးဖို့ ပြင်ဆင်နေပါတယ်။

ဒွန်နာရန်မာ ကိုယ်တိုင်ကလည်း ပီအက်စ်ဂျီအသင်းမှာ ပျော်ရွှင်လျက် ရှိနေပြီး စာချုပ်ကိစ္စတွေလည်း ဆွေးနွေးလျက် ရှိနေပေမယ့် မန်စီးတီးရဲ့ စိတ်ဝင်စားမှုကို ရရှိလာချိန်မှာ ဒွန်နာရန်မာအနေနဲ့ သူ့အနာဂတ်အတွက် စိတ်ကူးအပြောင်းအလဲ ဖြစ်သွားနိုင်ခြေလည်း ရှိနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးမှာ ပါဝင်ကစားဖို့ စိတ်ဝင်စားတယ်လို့ ဖွင့်ဟထားဖူးတဲ့ ဒွန်နာရန်မာရဲ့ ပြောစကားတွေကြောင့် ဒီအပြောင်းအရွှေ့က စောင့်ကြည့်ချင်စရာ ဖြစ်လာနိုင်ပါတယ်။