နော်ဝေနိုင်ငံမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဒီရာသီ ပထမဦးဆုံး ရာသီကြို ခြေစမ်းပွဲစဉ်မှာ ယူနိုက်တက်က အိမ်ရှင် နော်ဝေကလပ် ရိုစင်ဘော့အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာ နောက်ကျမိနစ် သွင်းဂိုးနဲ့ ယူနိုင်တက်တို့ ရှုံးပွဲ ကြုံတွေ့သွားခဲ့ရပါတယ်။
အဲ့ဒီပွဲစဉ်မှာ ယူနိုက်တက် ယူရိုနဲ့ ကိုပါပြိုင်ပွဲတွေ ပါဝင်ကစားရခြင်း မရှိတဲ့ ရပ်ရှ်ဖို့ဒ် ၊ ကက်စီမဲရိုး ၊ အီဗန်စ် ၊ ဘစ်ဆာခါ ၊ မေဆန်မောင့်တို့နဲ့အတူ လူငယ်ကစားသမားလေးတွေကို အသုံးပြုပြီး ပွဲထွက်လာခဲ့သလို ဒုတိယပိုင်း ပွဲချိန်မှာတော့ လူငယ်လေးတွေကိုပဲ အကုန်လုံး ပွဲကစားခွင့်ပြုခဲ့ပါတယ်။
Photo Credit : Goal
ဒီပွဲမှာ ယူနိုက်တက်က စီနီယာ ကစားသမားတွေရော လူငယ် ကစားသမားတွေပါ ခြေစွမ်းကောင်းတွေ ပြသနိုင်ခြင်း မရှိခဲ့ပဲ ဂိုးသမားလေး ဗီတက်ခ် တစ်ဦးတည်းသာ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ရပါတယ်။ ဒီအခြေအနေအပေါ် ယူနိုက်တက် နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကလည်း စိတ်ပျက်လို့နေပြီး သူ့အသင်းရဲ့ စွမ်းဆောင်မှုက အခုထိ ကောင်းမွန်ခြင်း ရှိမနေသေးဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။
“ရလဒ်ပိုင်းက အဓိက မဟုတ်ပါဘူး။ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က အခုအချိန်ထိ မကောင်းသေးပါဘူး။ ဒါဟာ ထိပ်တန်းဘောလုံးအတွက် စံနှုန်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒီအချိန်မှာ ကျွန်တော်တို့က အံ့ဝင်ခွင်ကျ မဖြစ်နိုင်သေးပါဘူး။ ပြိုင်ဘက်က ကျွန်တော်တို့အသင်းထက် ကြံခိုင်မှုအဆင့် အများကြီး ကောင်းပေမယ့် ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက် ဖြစ်တာမို့ ပိုကောင်းအောင် လုပ်နိုင်မှာပါ။” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Goal
ယူနိုက်တက် ပရိသတ်တွေကလည်း နည်းပြတန်ဟက်ဂ်ရဲ့ မှတ်ချက်စကားလိုပဲ ရာသီကြို ခြေစမ်းပွဲတွေမှာ ရလဒ်ပိုင်းက အဓိကမဟုတ်ခဲ့သည့်တိုင် ပွဲစဉ်အတွင်း စွမ်းဆောင်မှုကောင်းတွေ ပြသနိုင်ခဲ့တာမျိုးကိုတော့ ဖြစ်စေချင်တယ်လို့ မှတ်ချက်ပြုနေကြပါတယ်။
ယူနိုက်တက်အသင်းက ရိုစင်ဘော့နဲ့ ခြေစမ်းပွဲကစားပြီးချိန် လာမယ့် (၂၀)ရက်နေ့မှာ စကော့ထိပ်သီးကလပ် ရိန်းဂျားစ်အသင်းနဲ့ ခြေစမ်းပွဲ ထပ်ကစားရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ ယူနိုက်တက်က အမေရိကန် ခရီးစဉ်ကို ဆက်လက် ကစားသွားရမှာ ဖြစ်ပါတယ်။ အမေရိကန် ခရီးစဉ်မှာတော့ ယူနိုက်တက်ဟာ အာဆင်နယ် လီဗာပူးလ် ဘက်တစ်အသင်းတွေနဲ့ ထိပ်တိုက် ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။