အာဆင်နယ်အသင်းဟာ အေဂျက်စ်အသင်းရဲ့ ဆယ်ကျော်သက်အရွယ် လူငယ် ဂိုးသမားလေး တမ်မီ ဆက်တ်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး ယူရို (၁)သန်းတည်းနဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ပြီး ဆေးစစ်မှုတွေကိုလည်း မကြာခင်မှာပဲ လုပ်ဆောင်သွားတော့မယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ဒီနွေဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ်ထားခြင်း မရှိသေးပဲ ပြီးခဲ့တဲ့ရာသီက ဘရန့်ဖို့ဒ်အသင်းကနေ အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူထားခဲ့တဲ့ စပိန် ဂိုးသမား ဒါးဗစ် ရာယာကိုသာ အပြီးသတ် ခေါ်ယူထားခဲ့ပါတယ်။
Photo Credit : Just Arsenal
အာဆင်နယ်ဟာ လတ်တလောမှာ ဘိုလော့ဂ်နာအသင်းရဲ့ အီတလီ နောက်ခံကစားသမား ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှု ရရှိထားသည့်တိုင် ဘိုလော့ဂ်နာနဲ့ သဘောတူညီမှုက မရရှိသေးတဲ့အတွက် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့က ကြန့်ကြာနေရပြီး အာဆင်နယ် အလိုရှိနေတဲ့ အဲဗာတန် ကွင်းလယ်လူ အိုနာနာဟာလည်း ဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ဒီအချိန်မှာ အာဆင်နယ်က ဂိုးသမားနေရာအတွက် ကစားသမားသစ် ရှာဖွေနေရင်း အခုတော့ လူငယ် ဂိုးသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အသက် (၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန်နိုင်ငံဖွား နယ်သာလန် ဂိုးသမားလေး တမ်မီ ဆက်တ်ဖို့ဒ်ဟာ မကြာခင်မှာပဲ အာဆင်နယ်အသင်းရဲ့ ဂိုးသမားသစ် ဖြစ်လာပါတော့မယ်။
Photo Credit : Ajax Armsterdam
အာဆင်နယ်က အသင်းရဲ့ ပင်တိုင် ဂိုးသမားအဖြစ် ရာယာကိုပဲ ဆက်လက် အသုံးပြုသွားဖို့ ရှိနေပြီး အက်စတိုးနီးယား ဂိုးသမား ကားလ်ဟိန်းကိုလည်း စာချုပ်သက်တမ်း တိုးမြှင့်ထားတာကြောင့် အာရွန် ရမ်းစ်ဒေးလ်ကို အသင်းကနေ ရောင်းထုတ်ဖို့ သေချာနေပြီး အဲ့ဒါကြောင့်လည်း အာဆင်နယ်က အရန်ဂိုးသမားတွေကို အားဖြည့်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
အခုတော့ အာဆင်နယ်က အေဂျက်စ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ဂိုးသမားလေး ဆက်တ်ဖို့ဒ်ကို ယူရို (၁)သန်းတည်းနဲ့ ခေါ်ယူဖို့အတွက် အေဂျက်စ်အသင်းနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီဖြစ်ပြီး ကစားသမားလေးကလည်း အာဆင်နယ်နဲ့ ၂၀၂၈ခုနှစ်အထိ သက်တမ်းရှိမယ့် (၄)နှစ်စာချုပ် ချုပ်ဆိုသွားဖို့ သဘောတူညီမှု ရရှိထားခဲ့ပါသေးတယ်။