ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ နောက်ခံကစားသမားဟောင်းကြီး ရာဖယ်လ် ဗာရန်းဟာ ဖာဘရီဂတ် ကိုင်တွယ်နေတဲ့ အီတလီ စီးရီးအေ တန်းတက်ကလပ် ကိုမိုအသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီလို့ ဖေဘရီဇီယို ရိုမာနိုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပြင်သစ် ဝါရင့်နောက်ခံကစားသမား ဗာရန်းဟာ ဒီနွေမှာပဲ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တာဖြစ်ပြီး သူ့ကို ဆော်ဒီပရိုလိဂ် မေဂျာလိဂ်တို့က ကလပ်အသင်းတွေအပြင် ဥရောပ ကလပ်အသင်းများစွာကလည်း free transfer နဲ့ ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားခဲ့ကြပါတယ်။

Photo Credit : Reuters

ဒီလို အချိန်မှာ ဒီရာသီမှ စီးရီးအေပြိုင်ပွဲဆီ တန်းတက်လာခဲ့တဲ့ ကိုမိုအသင်းက ဗာရန်းလို အတွေ့အကြုံရင့် world-class player ကြီးတစ်ဦးကို သူတို့အသင်းဆီ အရ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုတွေ အရှိန်အဟုန်မြင့် လုပ်ဆောင်လာခဲ့ပြီး အခုဆိုရင် ဗာရန်းကို ရရှိဖို့က အခြေအနေ ကောင်းသထက် ကောင်းလာခဲ့ရပြီပဲ ဖြစ်ပါတယ်။

ဖေဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်တွေအရ ဗာရန်းဟာ ကိုမိုအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ပြီး ဒီအပြောင်းအရွှေ့ဟာလည်း လုံးဝ ပြီးဆုံးသွားဖို့ အလွန် နီးစပ်နေပြီလို့ သိရပါတယ်။ ဗာရန်းက ကိုမိုရဲ့ ပရောဂျက်တွေကို သဘောကျခဲ့ပေမယ့်လည်း စာချုပ်စာတမ်း ကိစ္စတွေအတွက် အနည်းငယ် အချိန်ပေးခဲ့ရတာဖြစ်ပြီး အခုတော့ ကိုမိုအသင်းဆီ ပြောင်းရွှေ့ဖို့ ဗာရန်းဘက်က ခေါင်းညိတ်လိုက်ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Tribuna

ကိုမိုအသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်း ဖာဘရီဂတ်စ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ပြီးနောက်မှာ စီးရီးအေပြိုင်ပွဲဆီ တန်းတက်ခွင့်ပါ ရရှိခဲ့ရတဲ့အပြင် အခု ဗာရန်းလို ထိပ်တန်း နောက်ခံကစားသမားတစ်ဦးကို အသင်းဆီ အရ ခေါ်ယူနိုင်ခဲ့ခြင်းမှာလည်း ဖာဘရီဂတ်စ်က အဓိက နေရာကနေ ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် ကိုမိုအသင်းဟာ ဗာရန်းမတိုင်ခင် တိုရီနို ရိုးမား ဖီအိုရင်တီးနားတို့ရဲ့ တိုက်စစ်ကစားသမားဟောင်း ဘယ်လော့တီကိုပါ ခေါ်ယူထားခဲ့ပြီး ဗီလာရီးယဲလ် ကစားသမားတွေဖြစ်တဲ့ ဂိုးသမား ရိန်နာနဲ့ နောက်ခံလူ မော်ရီနိုတို့ကိုလည်း ထပ်မံ ခေါ်ယူသွားဖို့ ရှိနေပြန်ပါတယ်။