ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံအစွန်လူ ဒန်နီ ကာဗာဟယ်က သူရဲ့ စပိန်လက်ရွေးစင် အသင်းဖော် ကွင်းလယ်လူ ရိုဒရီကို ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့လာဖို့အတွက် တိုက်တွန်းမှုတွေ အမြဲတမ်း လုပ်ဆောင်ခဲ့တယ်လို့ ဖွင်ဟ ပြောကြားလာခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာပဲ အသင်းရဲ့ အားအထားရဆုံး ကွင်းလယ်ကစားသမား တိုနီ ကရူးစ် ဘောလုံးလောကနေ အနားယူသွားပြီ ဖြစ်သလို ကရူးစ်ရဲ့ အသင်းဖော် လူကာ မိုဒရစ်ဟာလည်း အသင်းနဲ့ လမ်းခွဲရဖို့ နီးစပ်နေပြီဖြစ်လို့ ကွင်းလယ်ပိုင်းအတွက် ကစားသမားကောင်းတစ်ဦးခန့်လောက် လိုအပ်လာခဲ့ပါတယ်။

Photo Credit : Ok Diario

ဒီအချိန်မှာပဲ ရီးယဲလ်အသင်းရဲ့ ဝါရင့် ညာနောက်ခံလူ ကာဗာဟယ်ဟာ လက်ရွေးစင် အသင်းဖော်ဖြစ်တဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို မန်စီးတီးကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းမှုတွေ လှုံဆော်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်က ကျွန်တော်တို့အသင်းဆီ ပြောင်းရွှေ့လာဖို့ သူ့ကို နေ့တိုင်း ပြောဆိုနေခဲ့တာ။ မင်း မန်ချက်စတာကနေ ထွက်သွားလိုက်ပါ။ အဲ့ဒီမှာက နေရောင်လည်း မရှိဘူး။ မက်ဒရစ်ဆီကို လာခဲ့ပါ။ ငါတို့က မင်းကို လိုအပ်နေပါတယ်။ နောက်ပြီး မက်ဒရစ်ဆိုတာကလည်း မင်းရဲ့နေရာပဲမလားလို့ နေ့တိုင်းကို ပြောခဲ့တယ်။”

Photo Credit : Deportes TVC

“သူကတော့ ဟုတ်ပြီ ကောင်းပြီ ငါ့မှာက ငါ့မှာက မန်စီးတီးနဲ့ စာချုပ်ချုပ်ရှိနေသေးတယ်။ ပြီးတော့ စာချုပ်ဖျက်သိမ်းကြေးလည်း မပါဝင်နေပါဘူးလို့ ပြောတယ်။ ဒါက ကျွန်တော့်ကို ခေတ္တ ရပ်တန့်စေတယ်။ နှောင့်နှေးသွားစေရတယ်။ ဒါပေမယ့်် ခေါ်ယူမှုသာ ဖြစ်ခဲ့မယ်ဆိုရင် ဒီခေါ်ယူမှုက အရမ်းကို ပြီးပြည့်စုံတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လာမှာ သံသယဝင်စရာ မရှိပါဘူး။” လို့ ကာဗာဟယ်က COPE နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် စပိန် ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ အသက်လက်တီကိုကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက မန်စီးတီးရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရကာ အသင်းနဲ့လည်း ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။