မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းရဲ့ အဂ်လန် နောက်ခံကစားသမားလေး ဂျာရတ် ဘရန့်ဝိတ်ကို ဒီနွေစျေးကွက်အတွင်းမှာ အရခေါ်ယူသွားနိုင်ဖို့အတွက် အပိုဆုကြေး အပါအဝင် ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)နဲ့ ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်လိုက်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်က ဒီနွေမှာ ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ ဗာရန်းနဲ့ အီဗန်စ်တို့ကို စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းကနေ လက်လွတ်ထားခဲ့ရသလို မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကိုပါ ရောင်းထုတ်သွားဖို့ ရှိနိုင်တာကြောင့် ဗဟိုခံစစ်နေရာအတွက် ကစားသမားသစ် (၂)ဦးခန့်လောက်အထိ ပြန်လည် ဖြည့်တင်းသွားရဖွယ် ရှိနေရပါတယ်။

Photo Credit : ESPN India

ဒါကြောင့် ယူနိုက်တက်က ဗဟိုခံစစ်နေရာအတွက် ဘရန့်ဝိတ် ဒီလစ် တိုဒီဘို ဘရီမာ ယိုရို အစရှိတဲ့ ခံစစ်ကစားသမား အများအပြားကို ပစ်မှတ်ထားလာခဲ့ပြီး ဒီထဲကမှ ဘရန့်ဝိတ် ဒီလစ်နဲ့ ယိုရိုတို့ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားခဲ့သလို လက်ရှိအခြေအနေတွေအရ ဘိုင်ယန်ခံစစ်မှူး ဒီလစ်ကို ခေါ်ယူနိုင်ဖို့က အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။

ယူနိုက်တက်အနေနဲ့ ဒီလစ်ကို ခေါ်ယူလိုက်နိုင်ရင်တောင် centre back ကစားသမားတစ်ဦးခန့်လောက် ထပ်မံ ခေါ်ယူဖြည့်တင်းဖို့က လိုအပ်နေသေးတာကြောင့် ယူနိုက်တက်က အဲဗာတန် ခံစစ်မှူး ဘရန့်ဝိတ်ကို ပြန်လည် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အသက် (၂၂)အရွယ် ခံစစ်ကစားသမားလေး ဘရန့်ဝိတ်အတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပေါင် (၃၅)သန်း + အပိုဆုကြေးတို့နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အဲဗာတန်ကတော့ ချက်ချင်း ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Transfermarket

ယူနိုက်တက်နဲ့ ဘရန့်ဝိတ်တို့ကြားမှာတော့ လုပ်ခလစာကိစ္စ စာချုပ်ကိစ္စတွေက အကုန်အဆင်ပြေပြီး သဘောတူညီမှု ရရှိထားခဲ့ပေမယ့်လည်း အဲဗာတန်ကတော့ သူတို့ကစားသမားအတွက် အနည်းဆုံး ပေါင် သန်း(၆၀)လောက်အထိ အလိုရှိနေတဲ့အတွက် အဲဗာတန်နဲ့ သဘောတူညီမှု ရရှိဖို့က ခက်ခဲနေသေးပါတယ်။

အဲ့ဒီလို ဖြစ်နေချိန်မှာပဲ ယူနိုက်တက်ဘက်က ဘရန့်ဝိတ်အတွက် နောက်ထပ် ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ပေါင် (၄၅)သန်းအပြင် အပိုဆုကြေး ပေါင် (၅)သန်း စုစုပေါင်း ပေါင် သန်း(၅၀)နဲ့ ကမ်းလှမ်းမှု ထပ်မံ လုပ်ဆောင်ခဲ့ပြန်ပါတယ်။ အဲဗာတန်ဘက်ကတော့ အခု ကမ်းလှမ်းချက်ကိုလည်း ပယ်ချသွားဖို့ ရှိနေပြန်ပြီး ဒီလို ပယ်ချခံရဦးမယ်ဆိုရင် ယူနိုက်တက်တို့ ဘရန့်ဝိတ်ကို လက်လျှော့လိုက်တော့မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။