တားမြစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ ဘောလုံးကစားခွင့်ကနေ (၄)နှစ်အထိ ပွဲပယ်ပြစ်ဒဏ် ကျခံထားခဲ့ရတဲ့ နာမည်ကျော် ပြင်သစ် ဘောလုံးသမား ပေါလ် ပေါ့ဘာက သူ့အနေနဲ့ အခုလို ကာလရှည်ကြာ ပွဲပယ်ခံနေရပေမယ့်လည်း သူရဲ့ကစားသမားဘဝကတော့ အဆုံးမသတ်သေးဘူးလို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ အသက် (၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပေါ့ဘာဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံ ဖြစ်ထားခဲ့ဖူးတဲ့ World Class ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက သူရဲ့ဆီးအတွင်း တားမြစ်ထားတဲ့ Testosterone ဆေး ပါဝင်နေတာကို တွေ့ရှိခဲ့လို့ သူ့ကို အခုလို (၄)နှစ်အထိ ပွဲပယ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Forbes

လွန်ခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလလယ်လောက်ကနေ စတင်ပြီး ဘောလုံးမကစားရတော့တဲ့ ပေါ့ဘာဟာ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ယူရို-၂၀၂၄ပြိုင်ပွဲ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်ကို လာရောက် ကြည့်ရှုခဲ့ရင်း သူက သူရဲ့ပွဲပယ်ပြစ်ဒဏ်ကို အယူခံဝင်နေသလို သူရဲ့ဘောလုံးသမားဘဝဟာလည်း ပြီးဆုံးသွားမှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

ပေါ့ဘာဟာ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ အင်တာဗျူးတစ်ခုမှာ သူရဲ့ဘောလုံးသမားဘဝက သေဆုံးသွားရပြီဆိုပြီး ပြောခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် ဒါက အဲ့ဒီအင်တာဗျူးရဲ့ edit ပိုင်း ညံဖျင်းမှုကြောင့်သာ ဖြစ်တယ်လို့ ပေါ့ဘာကိုယ်တိုင်က ရှင်းလင်းသွားခဲ့ပါတယ်။ “ဒါက ကျွန်တော်ရဲ့ အင်တာဗျူး ဗီဒီယို အပြည့်အစုံ မဟုတ်ပါဘူး။ သူတို့ဘက်က ဗီဒီယိုရဲ့ အစိတ်အပိုင်းတစ်ခုကိုသာ ဖော်ပြခဲ့တာ။ ဗီဒီယိုကို အစအဆုံး ကြည့်မိမယ်ဆိုရင်လည်း ကျွန်တော်က ကျွန်တော်ရဲ့ ဘောလုံးသမားဘဝ အဆုံးသတ်သွားပြီဆိုပြီး ပြောထားခြင်း မရှိတာကို မြင်လိမ့်မယ်။”

Photo Credit : Goal

“ကျွန်တော်က အခုထိ ဘောလုံးသမားတစ်ယောက်အထိ ရှိနေတုန်းပါပဲ။ ကျွန်တော် ဒီနေရာမှာ အကောင်းမြင်စိတ်တွေနဲ့အတူ ရှိနေဆဲပါပဲ။ ကျွန်တော့်အမြင်မှာ တရားမျှတမှုလို့ ရှုမြင်ထားတဲ့ အရာဘက်ကနေ တိုက်ခိုက်သွားဖို့ အခွင့်အရေးလည်း ရှိနေပါတယ်။ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့။ အခြေအနေတွေက ပိုကောင်းလာမှာပါ။ ပေါ့ဘာက အဆုံးမသတ်သွားသေးပါဘူး။ ပေါ့ဘာကိုယ်တိုင် အဆုံးသတ်ပြီလို့ မပြောမချင်း ဒီနေရာမှာပဲ ရှိနေမှာမို့ စိတ်မပူကြပါနဲ့။”

“အခုလည်း ကျွန်တော်က ကိုယ့်ကိုကိုယ် ဘောလုံးသမားတစ်ဦးလိုပဲ ခံစားမိတယ်။ လေ့ကျင့်ခန်းတွေလည်း လုပ်နေတယ်။ ဒီအချိန်မှာကတော့ ကျွန်တော့်စိတ်ကို အကောင်းမြင်စိတ် ရှိနေရပါမယ်။ ကျွန်တော် ဒီအချိန်မှာ မိသားစုနဲ့ အချိန်တွေကို ကုန်ဆုံးနေပေမယ့် ဘောလုံးပြန်ကစားရဖို့အတွက်ကိုလည်း စိတ်အားထက်သန်နေပါတယ်။ အခု ကျွန်တော်က ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦး ဖြစ်လာချင်တဲ့ ကလေးတစ်ယောက်လိုမျိုး ခံစားနေရပါတယ်။” လို့ ပေါ့ဘာက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။