ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ အီတလီအသင်းကတော့ မနေ့ညက ဆွစ်ဇာလန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရို-၂၀၂၄ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်မှာပဲ ပြိုင်ဘက် ဆွစ်ဇာလန်ကို (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရလို့ ပြိုင်ပွဲကနေ စောစောစီးစီးပဲ အိမ်ပြန်လိုက်ရပြီ ဖြစ်ပါတယ်။

အီတလီက ယူရို-၂၀၂၄ပြိုင်ပွဲရဲ့ အုပ်စု (B)မှာ စပိန် ခရိုအေးရှား အယ်လ်ဘေးနီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ရင်း စပိန်ကိုရှုံး အယ်လ်ဘေးနီးယားကိုနိုင် ခရိုအေးရှားကိုသရေ ကစားခဲ့ပြီး ရမှတ် (၄)မှတ်နဲ့ အုပ်စုဒုတိယ ရရှိခဲ့ရင်း အုပ်စု (A)မှာ ဂျာမနီ ဟန်ဂေရီ စကော့တလန်နဲ့ တစ်အုပ်စုတည်းကျရင်း အုပ်စုဒုတိယနေရာ ရရှိခဲ့တဲ့ ဆွစ်ဇာလန် (၁၆)သင်း ရှုံးထွက်မှာ တွေ့ဆုံခဲ့ပါတယ်။

Photo Credit : B/R Football

အီတလီဟာ ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဆိုပေမယ့်လည်း ဒီနှစ် အီတလီရဲ့ ကစားသမား အစုအဖွဲ့က ယူရို-၂၀၂၀နဲ့ ယှဉ်ရင်တောင် ပရိသတ် သိပ်မသိတဲ့ ကစားသမား အရေအတွက် များပြားလို့နေတဲ့အပြင် ယခင် အီတလီအသင်းတွေက ကစားသမားတွေလို ပွဲအတွင်း နိုင်လိုစိတ် တိုက်ပွဲဝင်လိုစိတ်တွေဟာလည်း နည်းပါးလာခဲ့ရပါတယ်။

ဆွစ်ဇာလန်ကတော့ အုပ်စုတွင်းမှာတောင် အိမ်ရှင်ဂျာမနီကို သရေရအောင် ကစားနိုင်ခဲ့ပြီး လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့တာမို့ အီတလီကို ရင်ဆိုင်ရချိန်မှာလည်း အတည်ငြိမ်ဆုံး ကစားသွားခဲ့ပေမယ့် အီတလီကတော့ အသင်းကြီးတစ်သင်းရဲ့ ဟန်ပန်တောင် မရှိတော့ပဲ ဂိုးပြတ်ခြေပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Photo Credit : Fabrizio Romano

ဒီပွဲအပြီးမှာ အီတလီ ဂိုးသမား ဒွန်နာရန်မာက “ကျွန်တော်တို့ အသင်းရဲ့ ပရိသတ်တွေအားလုံးကို တောင်းပန်စကားသာ ပြောဆိုနိုင်ပါတယ်။ ဒီရလဒ်က လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး။ ကျွန်တော်တို့အသင်းက တစ်ပွဲလုံး ညံဖျင်းနေခဲ့တာပါ။ အဲ့ဒါ အမှန်တရားပါပဲ။ ပထမပိုင်းမှာဆိုရင် ပိုလို့တောင် ဆိုးရွှားခဲ့ပါသေးတယ်။ ဒါကလည်း အမှန်ဖြစ်ခဲ့တာမို့ ကျွန်တော် ဒါကို လက်ခံသွားရမယ်။” လို့ ညည်းတွားလိုက်ပါတယ်။

ဒွန်နာရန်မာဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာတုန်းက အီတလီအသင်းရဲ့ ဂိုးပေါက်မှာ အကောင်းဆုံး လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ခဲ့ရင်းနဲ့ အသင်းနဲ့အတူ ယူရိုဖလားကြီးကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သလို ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံး ဘောလုံးသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဒွန်ရန်မာက အီတလီရဲ့ ယူရို-၂၀၂၄ ပွဲအားလုံးမှာ ပေးဂိုးတွေ ခွင့်ပြုခဲ့ရပြီး (၄)ပွဲမှာ ပေးဂိုး (၆)ဂိုးအထိ ရှိခဲ့ရပါတယ်။