လက်ရှိမှာ လူငယ်ကစားသမားလေးတွေကို ဆက်တိုက် ခေါ်ယူနေတဲ့ ချယ်လ်ဆီးအသင်းဟာ နွေအပြောင်းအရွှေ့ ဈေးကွက်ဖွင့်ပြီး (၂)ပတ်ခန့်အတွင်းမှာပဲ ကစားသမား ရောင်းချမှုကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း(၉၀)ခန့်လောက်အထိတောင် ရရှိထားခဲ့ပြီပဲ ဖြစ်ပါတယ်။
ချယ်လ်ဆီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက ကစားသမား ခေါ်ယူမှုမှာ ငွေကြေးသုံးစွဲတာတွေ အမြောက်အများ လုပ်ဆောင်ခဲ့သလို ကစားသမား ရောင်းချမှုကနေလည်း ဝင်ငွေ များစွာ ပြန်လည် ရရှိခဲ့ပါတယ်။ အခု ဒီနွေမှာတော့ ကစားသမားသစ် ခေါ်ယူမှုအတွက် ငွေကြေး သိပ်မသုံးရသေးခင်မှာပဲ ကစားသမား (၄)ဦး ရောင်းချမှုကနေ ပေါင်သန်း(၉၀)အထိတောင် ဝင်ငွေ ရရှိနေပြီပဲ ဖြစ်ပါတယ်။
Photo Credit : Football London
ပထမဆုံး ကစားသမား ရောင်းချမှုကတော့ ဘယ်နောက်ခံကစားသမား လူးဝစ် ဟောလ်ဖြစ်ပြီး သူ့ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ နယူးကာဆယ်အသင်းက ပေါင် (၂၈)သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ကစားသမားကလည်း ဘယ်ခြမ်းခံစစ်ကစားသမားပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီး ဘယ်နောက်ခံလူ အီယန် မတ်ဆန်ကတော့ ဗီလာအသင်းဆီ စာချုပ်ဖျက်သိမ်းကြေး ပေါင် (၃၇.၅)သန်းနဲ့ ပြောင်းရွှေ့သွားပါတယ်။
ဘယ်နောက်ခံကစားသမား (၂)ဦး ရောင်းချခဲ့ရမှုကနေပဲ စုစုပေါင်း ပေါင် (၆၅.၅)သန်းအထိ ရရှိခဲ့တဲ့ ချယ်လ်ဆီးက ဂါလာတာစာရေးအသင်းဆီ အငှားချထားတဲ့ မော်ရိုကို ကြယ်ပွင့်ကစားသမား ဟာကင် ဇီယက်ရှ်ကိုလည်း ပေါင် (၄)သန်းခန့်နဲ့ တစ်ခါတည်း အပြီးသတ် ရောင်းချလိုက်နိုင်ပြန်ပါတယ်။
Photo Credit : Ben Jacob
ဒီကစားသမား (၃)ဦးလုံးရဲ့ အပြောင်းအရွှေ့တွေက တရားဝင် ဖြစ်ပေါ်ထားတာဖြစ်ပြီး မကြာခင်မှာပဲ တရားဝင် ရောင်းချမှု ဖြစ်လာမယ့်သူက ဟတ်ချင်ဆန်ပါ။ အစ်ဝစ်ချ်တောင်းမှာ တစ်ရာသီ အငှားထွက်ကစားခဲ့တဲ့ ညာတောင်ပံကစားသမားကို ပရီးမီးယားလိဂ်ဆီ တန်းတက်ထားတဲ့ အစ်ဝစ်ချ်က ပေါင် (၂၂.၅)သန်းနဲ့ အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှုပါ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။
ဒါကြောင့် ချယ်လ်ဆီးအသင်းက ရာသီသစ် မစတင်ခင် တနည်းအားဖြင့် ယူရိုနဲ့ကိုပါပွဲတွေ မပြီးဆုံးသေးခင်မှာပဲ ကစားသမား ရောင်းချမှုကနေ ငွေကြေး အမြောက်အများ ရှာဖွေထားနိုင်ခဲ့ပြီဖြစ်ပြီး ဆက်လက်ပြီးတော့ လူကာကူ ဘရိုဟာ မာလန်ဆား အစရှိတဲ့ ကစားသမားတွေကိုပါ ထပ်မံ ရောင်းချသွားကာ သူတို့အသင်းအတွက် တကယ်အလိုရှိမယ့် ကစားသမားသစ်တွေကို တန်းစီ ခေါ်ယူသွားဖို့လည်း ရှိနေပါတယ်။