အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို အသင်းဆီ ခေါ်ဆောင်သွားနိုင်ဖို့အတွက် အသင်းက တောင်ပံကစားသမား ဖရက်ဒရစ်ကို ခီယေဇာနဲ့ ကစားသမားချင်း အလဲအလှယ် လုပ်ဆောင်သွားချင်နေတယ်လို့ အီတလီ အခြေစိုက် La Gazzetta dello Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။
အသက် (၂၂)နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမားလေး ဂရင်းဝုဒ်ဟာ သူရဲ့ အမှုကိစ္စတွေ ရှင်းလင်းပြီးသွားချိန်ထိ ယူနိုက်တက်အသင်းအတွက် ပြန်လည် ကစားပေးဖို့ မလွယ်ကူတော့လို့ ဂီတာဖေးအသင်းဆီ အငှားထွက် ကစားခဲ့ရာ ဂီတာဖေးမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့တာကြောင့် သူ့ကို ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ပါတယ်။
Photo Credit : La Gazzetta dello Sport
ဂရင်းဝုဒ်က ဂီတာဖေးအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့ရင်း ၂၀၂၃-၂၄ ဘောလုံးရာသီ ဂီတာဖေးအသင်းရဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမားဆုပါ ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် သူ့ကို ကလပ်အသင်းတွေက ပိုလို့တောင် စိတ်ဝင်စားလာခဲ့ပြီး ဒီအသင်းတွေထဲမှာ ဂျုဗင်တပ်စ်အသင်းလည်း ပါဝင်လာခဲ့ပါတယ်။
ဂရင်းဝုဒ်ကို ဘာစီလိုနာ အသက်လက်တီကို ဗလင်စီယာ ဂျုဗင်တပ်စ် လာဇီယို နာပိုလီ ဒေါ့မွန်တို့လို ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ကြပြီး လတ်တလော အခြေအနေတွေအရ ဂရင်းဝုဒ်ကိုယ်တိုင်ကလည်း ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
Photo Credit : Tribuna
ဂျုဗင်တပ်စ်ကလည်း ဘဏ္ဍာရေး အခြေအနေတွေကြောင့် ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး အသုံးပြုပြီး ကမ်းလှမ်းတာထက် ကစားသမား အလိုက်ပေးကာ ကမ်းလှမ်းတာမျိုး ပြုလုပ်သွားဖို့ အစီအစဉ် ရှိနေပြီး ဗီလာ ကွင်းလယ်လူ ဒေါက်ကလပ်စ် လူးဝစ်ဇ်ကိုလည်း ပြောင်းရွှေ့ကြေးအပြင် ကစားသမား(၂)ဦးနဲ့ပါ အလိုက်ပေး ကမ်းလှမ်းထားပါသေးတယ်။
အခုလည်း ဂျုဗင်တပ်စ်အနေနဲ့ ဂရင်းဝုဒ်ကို အသင်းဆီ ခေါ်ဆောင်နိုင်ဖို့အတွက် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေပြီဖြစ်တဲ့ အီတလီ လက်ရွေးစင် တောင်ပံကစားသမား ခီယေဇာကို ကစားသမားချင်း အလဲအလှယ် လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ခီယေဇာကလည်း လာမယ့် ၂၀၂၅မှာပဲ ဂျုဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အခုနွေမှာပဲ အသင်းကနေ မဖြစ်မနေ ရောင်းထုတ်ဖို့ လိုအပ်နေတဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် အခုလို ကစားသမားချင်း အလဲအလှယ်လုပ်ဖို့ကိုသာ ပြင်ဆင်နေပါတယ်။