ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူတို့ပေါ်တူဂီအသင်းဟာ အခု ယူရို-၂၀၂၄ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ထိုက်တန်မှုရှိတယ်လို့ ဂျာနယ်လစ်များနဲ့ အင်တာဗျူး လုပ်ဆောင်ရမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၁၆ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ဖူးပြီးနောက် ပေါ်တူဂီအသင်း သမိုင်းတစ်လျှောက် ပထမဆုံးသော ယူရိုအောင်မြင်မှု ဖြစ်ခဲ့ရသလို ရော်နယ်လ်ဒိုအတွက် လက်ရွေးစင် ကစားသမားဘဝရဲ့ ပထမဆုံးသော အောင်မြင်မှုကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

Photo Credit : beIN SPORTS

ပေါ်တူဂီအသင်းဟာ ယူရို-၂၀၁၆မှာ ဖလား ရယူခဲ့ပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ UEFA Nations League ပြိုင်ပွဲမှာလည်း ပထမဆုံးအကြိမ် ချန်ပီယံ ဖြစ်ခဲ့သေးသလို အခု ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ ယူရို-၂၀၂၄ပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ တစ်သင်းအပါအဝင် ဖြစ်လာခဲ့ပြန်ပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရို-၂၀၂၄မှာ တူရကီ ချက် ဂျော်ဂျီယာအသင်းတွေနဲ့အတူ တစ်အုပ်စုတည်း ကျရောက်လို့နေပြီး အုပ်စုဗိုလ်နေရာနဲ့ပါ နောက်တစ်ဆင့်တက်ဖို့ အလားအလာကောင်းနေတဲ့အပြင် တောင့်တင်းလွန်းလှတဲ့ ကစားသမား အစုအဖွဲ့ကြီးပါ ပိုင်ဆိုင်ထားတဲ့အတွက် ဒုတိယအကြိမ် ယူရိုဖလားကို ပိုင်ဆိုင်နိုင်ဖို့အတွက် ရေပန်းစားနေတာ ဖြစ်ပါတယ်။

Photo Credit : Eurosport

“ဒီကစားသမားမျိုးဆက်ရဲ့ အင်အားနဲ့ ဒီပြိုင်ပွဲကြီးမှာ အောင်မြင်မှု ရရှိဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဆီမီးဖိုင်နယ်လား။ ကျွန်တော်တို့အနေနဲ့ ဒီအဆင့်ထက် ပိုပြီး တက်လှမ်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့တွေ တစ်ဆင့်ပြီးတစ်ဆင့် သွားရမယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးကြိုးစားစား ကစားသွားရမယ်။”

“ယူရိုပြိုင်ပွဲဆိုတာ တိုတောင်းလှတဲ့ ကာလတိုပြိုင်ပွဲတစ်ခုဆိုတာ ကျွန်တော်တို့ သိထားပေမယ့် ကျွန်တော်တို့ကလည်း အဆင်သင့် ဖြစ်နေပါပြီ။” လို့ အသက် (၃၉)နှစ်အရွယ် GOAT ကြီး ရော်နယ်လ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ အခု ယူရို-၂၀၂၄ပြိုင်ပွဲကို သူရဲ့ (၆)ကြိမ်မြောက် ယူရိုပြိုင်ပွဲအဖြစ် ဝင်ရောက် ဆင်နွဲရမှာဖြစ်ပြီး ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်လျက် ရှိနေပါတယ်။