မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဝိန်း ရွန်နီက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်ဟာ ချန်ပီယံ ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ အပါအဝင် ဖြစ်နေပေမယ့်လည်း အင်္ဂလန်နဲ့ ပတ်သက်ပြီး စိုးရိမ်နေရတဲ့ အပိုင်းလည်း ရှိနေသေးတယ်လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၁၉၆၆ခုနှစ်နောက်ပိုင်းကတည်းက နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှာ လုံးဝ ဗိုလ်စွဲခြင်း မရှိတော့ပဲ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ယူရို-၂၀၂၀မှာ ဖိုင်နယ်အထိ တက်လှမ်းခဲ့ပြီး ဒုတိယနေရာသာ ရယူနိုင်ခဲ့ပါတယ်။ အခု ယူရို-၂၀၂၄ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေစာရင်းမှာ ထိပ်ဆုံးနေရာကနေ ပါဝင်လာခဲ့ပြန်ပါတယ်။

Photo Credit : Goal

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄မှာ ဒိန်းမတ် ဆာဘီးယား ဆလိုဗေးနီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်လို့နေပြီး ဒီအုပ်စုမှာ အုပ်စုဗိုလ်နေရာနဲ့ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့လည်း ရေပန်းစားလို့နေပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်း ဘယ်လင်ဟမ် ဖိုဒန် ဒက်ကလန်ရိုက်စ် ပါလ်မာ အာနိုးတို့လို ကစားသမား အစုအဖွဲ့တွေနဲ့ အင်္ဂလန်က ယူရို-၂၀၂၄မှာ တစ်ခုခုလုပ်ပြနိုင်လိမ့်မယ်လို့ အများက သုံးသပ်နေကြပါတယ်။

အင်္ဂလန်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကစားသမားဟောင်း ရွန်နီက “ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲမယ်လို့ ထင်မိတဲ့ အသင်း(၃)သင်းကတော့ ပေါ်တူဂီ ပြင်သစ်နဲ့ အင်္ဂလန်ပါပဲ။ ဒါဟာ ဂါရတ် ဆောက်ဂိတ်နဲ့ သူရဲ့ စီနီယာ ကစားသမားတွေအတွက် ကြီးမားတဲ့ ပြိုင်ပွဲဖြစ်ပြီးတော့ ဂါရတ်က ဒီအချိန်ဟာ ဖလားရယူရမယ့် အချိန်ဆိုတာကို ပြောရပါတော့မယ်။”

Photo Credit : Daily Mail

“ဒါပေမယ့် ပြိုင်ပွဲအတွေ့အကြုံနဲ့ ပတ်သက်ပြီး ကျွန်တော် စိုးရိမ်နေမိပါတယ်။ အခုအသင်းက ယူရို-၂၀၂၀တုန်းက ဖလားရဖို့ နီးစပ်ခဲ့တဲ့ အသင်းလောက် ကောင်းမနေပါဘူး။ တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေ အများကြီး ပါနေတယ် ဆိုပေမယ့်လည်း မျက်နှာသစ် ကစားသမားတွေနဲ့ စီနီယာ ကစားသမားတွေရဲ့ အရောအနှောက ဟန်ချက်မညီနေပါဘူး။”

“ဒါက ဂါရတ်ရဲ့ အမှားတော့ မဟုတ်ပါဘူး။ ဒဏ်ရာတွေနဲ့ ပုံမှန်ခြေစွမ်းတွေ မရှိတာကနေ မက်ဂွိုင်းယား စတားလင်းနဲ့ ရပ်ရှ်ဖို့ဒ်တို့လို အရေးပါတဲ့ ကစားသမားတွေကို ဖယ်ထုတ်ခဲ့ရပြီး ရွေးချယ်လို့ ရနိုင်တဲ့ ကစားသမားတွေကိုပဲ ရွေးခဲ့ရတယ်။ ကျွန်တော်ကတော့ ဟန်ဒါဆန်ကို မရွေးချယ်ခဲ့တဲ့အပေါ် မေးခွန်းထုတ်လိုပြီး သူ့လို ဝါရင့် ကစားသမားကြီးတစ်ယောက် ရှိနေတာက လူငယ် ကစားသမားတွေအတွက်လည်း အကျိုးရှိစေတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။