အဲဗာတန်အသင်းဟာ သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေးဖြစ်သူ နောက်ခံလူ ဂျာရတ် ဘရန့်ဝိတ်အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းဘက်ကနေ ကနဦး ကမ်းလှမ်းချက်အဖြစ် ပေါင် (၄၅)သန်းနဲ့ ကမ်းလှမ်းလာမှုကို ချက်ချင်း ငြင်းဆန် ပယ်ချသွားခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
နွေဈေးကွက်အတွင်းမှာ ခံစစ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေကို မဖြစ်မနေ လုပ်ဆောင်သွားဖို့ ရှိနေတဲ့ ယူနိုက်တက်က အဲဗာတန်ရဲ့ လူငယ် ခံစစ်မှူးလေး ဘရန့်ဝိတ် အပါအဝင် လိုင်လီ ခံစစ်ကစားသမားလေး ယိုရိုနဲ့ ဘိုင်ယန်မြူးနစ်က နယ်သာလန် ခံစစ်မှူး ဒီလစ်တို့ (၃)ဦးကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။
Photo Credit : BBC
အဲ့ဒီထဲကမှ ယူနိုက်တက်ဟာ ဘရန့်ဝိတ်ကို ခေါ်ယူဖို့အတွက် ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူပြီးတဲ့နောက် အပြောင်းအရွှေ့ အထမြောက်စေဖို့အတွက် အဲဗာတန်အသင်းနဲ့ပါ ဆက်လက် သဘောတူညီမှု ရရှိဖို့က လိုအပ်လာပါတယ်။ အဲ့ဒါကြောင့် ယူနိုက်တက်က ဘရန့်ဝိတ်အတွက် ပေါင် (၄၅)သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပါတယ်။
အသက် (၂၁)နှစ်သာ ရှိသေးတဲ့ ခံစစ်ကစားသမားလေး ဘရန့်ဝိတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အဲဗာတန်အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့တဲ့အပြင် အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာပါ ပါဝင်ကစားခွင့် ရရှိခဲ့တဲ့အထိ တောက်ပနိုင်ခဲ့လို့ အဲဗာတန်က သူတို့ကစားသမားအတွက် ပေါင် (၆၅)သန်းအထက်လောက်အထိ အလိုရှိနေခဲ့ပါတယ်။
Photo Credit : Football365
ဒါကြောင့်လည်း ဘရန့်ဝိတ်အတွက် ယူနိုက်တက်ရဲ့ ပေါင် (၄၅)သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပြီး The Athletic ရဲ့ ဖော်ပြချက်အရဆိုရင်လည်း ယူနိုက်တက်ဟာ ဘရန့်ဝိတ်ကို ပေါင် (၃၅)သန်းနဲ့ပါ ကမ်းလှမ်းခဲ့သေးပြီး ဒီကမ်းလှမ်းချက်အပေါ်ကိုတော့ အဲဗာတန်ဘက်က ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ တုံ့ပြန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တကယ်တော့ အဲဗာတန်အသင်းဟာ သူတို့အသင်းမှာ ခြေစွမ်းပြသနေတဲ့ ဘရန့်ဝိတ်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်နေတာ ဖြစ်ပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေဆိုးတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဘရန့်ဝိတ်အပြင် အိုနာနာ ပစ်ဖို့ဒ်တို့ကိုပါ အသင်းကနေ ရောင်းထုတ်ရနိုင်ပြီး တကယ်လို့ ကစားသမားတစ်ဦးတည်းကနေ ပြောင်းရွှေ့ကြေး အများကြီးရမယ်ဆိုရင် ကျန်တဲ့ အဓိက ကစားသမားတွေကို ဆက်ထိန်းထားမှာဖြစ်လို့ ဘရန့်ဝိတ်အတွက်ကိုလည်း ပေါင် သန်း(၇၀)လောက်အထိ အလိုရှိနေပါတယ်။