ခံစစ်မှူး ဒီလစ်ကို အသင်းကနေ ရောင်းထုတ်သွားတော့မယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ ခံစစ်ပိုင်းအတွက် ဂျိုနသန် တက် ၊ လီဗိုင်း ကိုဝဲလ် ၊ ဂျိုး ဂိုးမက်ဇ်တို့ကို ပစ်မှတ်ထားနေရင်းကနေ အခုတော့ စတုဂတ်အသင်းရဲ့ ဂျပန် ခံစစ်ကစားသမား ဟီရိုကီ အီတိုကို သူရဲ့စာချုပ်ဖျက်သိမ်းကြေးအတိုင်းနဲ့ ခေါ်ယူသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဘိုင်ယန်ဟာ လာမယ့်ရာသီအတွက် ခံစစ်ပိုင်း အပြောင်းအလဲကြီး လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပြီး ဒီလစ်အပြင် အူပါမယ်ကာနိုကိုပါ အသင်းကနေ ရောင်းထုတ်သွားနိုင်တဲ့ အခြေအနေမျိုး ရှိနေတာကြောင့် ဗဟိုခံစစ်နေရာအတွက် ကစားသမားသစ် (၂)ဦးခန့်လောက်အထိ ပြန်လည် ဖြည့်တင်းသွားရဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Bavarian Football Works

ဘိုင်ယန်ဆိုတာကလည်း တခြားလိဂ်က ထိပ်တန်းကစားသမားတွေကို ဘယ်လိုပဲ ခေါ်ယူပါစေ သူတို့ရဲ့ ဘွန်ဒက်စ်လီဂါမှာ ကောင်းပေ့ဆိုတဲ့ ကစားသမားတိုင်းကို ခေါ်ယူတက်တဲ့ အစဉ်အလာတွေအရ အခုလည်း ပြီးခဲ့တဲ့ရာသီတုန်းက စတုဂတ်အသင်းနဲ့အတူ တောက်ပခဲ့တဲ့ ဟီရိုကီကိုပါ အလျင်အမြန် ကြိုးပမ်းလာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် ဂျပန်လက်ရွေးစင် ခံစစ်ကစားသမား ဟီရိုကီက ၂၀၂၁ခုနှစ်ကတည်းက ဂျေလိဂ်ကနေ စတုဂတ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပထမကတော့ စတုဂတ် အရန်အသင်းအတွက် ကစားဖို့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းကြီးမှာသာ တစ်ခါတည်း ကစားခွင့် ရရှိခဲ့ပါတယ်။

Photo Credit : Transfermarket

ဟီရိုကီဟာ ပြီးခဲ့တဲ့ရာသီက စတုဂတ်အသင်းကို ဘွန်ဒက်စ်လီဂါမှာ အဆင့်(၂)နေရာနဲ့ ရပ်တည်နိုင်ဖို့ ၊ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေနိုင်ဖို့အတွက် အရေးအပါဆုံး နေရာကနေ ပါဝင်နိုင်ခဲ့သူဖြစ်လို့ သူ့ကို အသင်းတော်တော်များများက မျက်စိကျလာခဲ့ရာ အခုတော့ ဘိုင်ယန်က ခပ်မြန်မြန်နဲ့ ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။

ဘိုင်ယန်က ဟီရိုကီရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို သန်း(၃၀)ကို ပေးချေသွားမှာဖြစ်တဲ့အပြင် ကစားသမားကိုလည်း (၅)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်လို့ စတုဂတ်ကတော့ အန်ဒိုအပြီး နောက်ထပ် ဂျပန်ကြပယ်ပွင့်တစ်ဦးကို လက်လွတ်ရတော့မှာ ဖြစ်သလို ဘိုင်ယန်ခံစစ်မှာလည်း ကင်မင်ဂျေးနဲ့ ဟီရိုကီ တောင်ကိုရီးယား-ဂျပန် အာရှခံစစ်အတွဲအဖက်ကို မြင်တွေ့လာရနိုင်ပါတယ်။