ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူသွားဖို့အတွက် စုံစမ်းမှုတွေ စတင် လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အသက် (၂၂)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ လက်ရှိမှာ ယူနိုက်တက်အသင်းကနေ အပြီးသတ် ထွက်ခွာသွားရဖွယ် ရှိနေပြီး ဂရင်းဝုဒ်ကိုလည်း ကလပ်အသင်းပေါင်းများစွာက အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေကြပါတယ်။
Photo Credit : TEAMtalk
ဒီရာသီထဲ ဂီတာဖေးအသင်းမှာ တစ်ရာသီ အငှားနဲ့ စတင် ထွက်ကစားရင်းနဲ့ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ဂရင်းဝုဒ်ကို အသက်လက်တီကို ဗလင်စီယာ ဘီလ်ဘာအိုတို့လို လာလီဂါကလပ်တွေအပြင် ဂျုဗင်တပ်စ် အေစီမီလန်တို့လို စီးရီးအေကလပ်တွေနဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း တချို့ကပါ စိတ်ဝင်စားနေကြပါတယ်။
ဂရင်းဝုဒ်ကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းလည်း ပါဝင်လာခဲ့ပြီး လက်ရှိမှာတော့ ဂရင်းဝုဒ်ရဲ့ အခြေအနေတွေကို စုံစမ်းမှုတွေ လုပ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးက လူငယ် ကစားသမားတွေကို ပိုမို ဦးစားပေး ခေါ်ယူတက်တဲ့ အသင်းဖြစ်ပြီး ဂရင်းဝုဒ်လို (၂၂)နှစ်သာ ရှိနေသေးတဲ့ ကစားသမားကိုလည်း အသင်းအတွက် ခေါ်ယူ ဖြည့်တင်းချင်မှာ သေချာပါတယ်။
Photo Credit : Sky News
ဒါ့အပြင် ဂရင်းဝုဒ်လို တိုက်စစ်နေရာ အစုံမှာ ကစားနိုင်သူက ချယ်လ်ဆီးအတွက်လည်း ပိုမို အသုံးဝင်နိုင်တာကြောင့် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖို့ ရှိနိုင်ပေမယ့် ယူနိုက်တက်ဘက်ကတော့ ချယ်လ်ဆီးလို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းထက် တခြားသော လိဂ်က အသင်းတွေဆီသာ ရောင်းချသွားဖို့ ရှိနိုင်ပါတယ်။
ယူနိုက်တက်ကတော့ သူတို့အသင်းနဲ့ တစ်နှစ်သက်တမ်းသာ စာချုပ် ကျန်ရှိနေတော့တဲ့ ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀)ဝန်းကျင်လောက်အထိ အလိုရှိနေပြီး ဂရင်းဝုဒ်ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေကတော့ ယူနိုက်တက် အလိုရှိနေတဲ့ တန်ကြေးအတိုင်း ပေးချေပေးဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။