ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဘယ်နောက်ခံလူ လုခ်ရှောက ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူခဲ့ရပေမယ့် ယခုတပတ်မှာ ကစားရမယ့် အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်းထဲ ပြန်လည် ပါဝင်လာနိုင်တော့မယ်လို့ အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ လုခ်ရှောက ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အရေးပါခဲ့တဲ့ ကစားသမား ဖြစ်ပြီး သူက ဒီရာသီမှာတော့ ဒဏ်ရာပြဿနာကြောင့် မန်ချက်စတာ ယူနိုက်တက် အတွက် ၂ပွဲသာ ပါဝင် ကစားပေးထားနိုင်ပါတယ်။

Photo Credit: 90 Min

လုခ်ရှောက ဩဂုတ်လ ၁၄ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၁-၀ ဝုလ်ဗ် ပွဲစဉ်မှာ ကြွက်သားဒဏ်ရာ တခု ရရှိသွားခဲ့တာ ဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့် ဩဂုတ်လ ၁၅ရက်နေ့ ကနေ အခုချိန်အထိ အနားယူနေရတာပဲ ဖြစ်ပါတယ်။

လုခ်ရှောက ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းအတွက်ရော တိုက်စစ်ဆင်မှု အတွက်ပါ အရေးပါတဲ့ ကစားသမား ဖြစ်တာကြောင့် သူ မရှိတော့တဲ့နောက် ယူနိုက်တက်ရဲ့ ခံစစ်နဲ့ တိုက်စစ် ၂ခုစလုံးမှာ အားနည်းချက်တွေ ရှိခဲ့သလို ဘယ်တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ရက်ဖို့ဒ်ကလည်း သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ လုခ်ရှောက ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် ယခုတပတ်မှာ ကစားရမယ့် အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ ယူနိုက်တက် အတွက် ပြန်လည် ကစားပေးတော့မှာ ဖြစ်ပြီး ပွဲထွက်ကစားသမား အဖြစ် မကစားရရင်တောင် လူစားဝင် ကစားသမား အဖြစ် ကစားဖွယ် ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းတပုဒ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ညာနောက်ခံလူ ဘစ္စကာကလည်း အဖျားဝေဒနာ ကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက်ပွဲမှာ ဝင်ကစားပေးနိုင်တော့မယ်လို့လည်း သိရှိထားရပါတယ်။