ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က လာမယ့် ဆောင်းဈေးကွက်မှာ ဆော်ဒီ ထိပ်သီးကလပ် အယ် ဟီလယ်ရဲ့ ကွင်းလယ်ဗိုလ်ချုပ် ရူဘင် နီဗက်စ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့က အခိုင်အမာ ဖော်ပြလာပါတယ်။

အာဆင်နယ်က ဗဟိုကွင်းလယ်ပိုင်းမှာ ဂျော်ဂျင်ဟို ၊ ဒီကလန်ရိုက်စ် ၊ သောမတ်စ် ပါတေး ၊ အယ်နီနီ စတဲ့ ကွင်းလယ်လူ ၄ဦး အထိ ပိုင်ဆိုင်ထားပေမယ့် အယ်နီနီဟာ အကျပိုင်းကို ရောက်နေသလို သောမတ်စ် ပါတေးရဲ့ ကြံ့ခိုင်မှုအနေအထားကလည်း အားရစရာ မကောင်းပါဘူး။

Photo Credit: Talksports

ဒါကြောင့်ပဲ ဖလား ၃လုံး လမ်းကြောင်းပေါ်မှာ ရှိနေသေးတဲ့ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ အယ်နီနီနဲ့ ပါတေးတို့ နှစ်ဦးထဲက တဦးကို ရောင်းထုတ်ပြီး ဗဟိုကွင်းလယ်လူသစ် တဦး ခေါ်ယူဖို့ ပြင်ဆင်နေကြပြီး အာဆင်နယ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ အယ် ဟီလယ်ရဲ့ ကွင်းလယ်ဗိုလ်ချုပ် ရူဘင် နီဗက်စ်လည်း ပါဝင်နေပါတယ်။

အသက် ၂၆နှစ် အရွယ် ပေါ်တူဂီလက်ရွေးစင် ဗဟိုကွင်းလယ်လူ ရူဘင် နီဗက်စ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ဝုလ်ဗ် ကနေ အယ် ဟီလယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၅၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက အယ် ဟီလယ် အတွက် ပြိုင်ပွဲစုံမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Football 365

ရူဘင် နီဗက်စ်က အယ် ဟီလယ်ရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ ဆော်ဒီနဲ့ ဆက်နွယ်မှု ရှိတဲ့ နယူးကာဆယ်က ရူဘင် နီဗက်စ်ကို ရာသီဝက် အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က နယူးကာဆယ်ရဲ့ ပစ်မှတ် ကစားသမား ရူဘင် နီဗက်စ်ကို ကြားဖြတ် ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အာဆင်နယ်ဟာ ရူဘင် နီဗက်စ်ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ အတွက် အယ် ဟီလယ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်။