ဟယ်ရီကိန်းကတော့ ဘိုင်ယန်မြူးနစ် ကစားသမား ဖြစ်လာပြီးနောက်ပိုင်းမှာ ဂိုးတွေ ပိုလို့တောင် သွင်းယူလာနိုင်ခဲ့ပြီး အခုဆိုရင်လည်း ပြီးခဲ့တဲ့ ရာသီ ဘွန်ဒက်စ်လီဂါမှာ ဂိုးသွင်းအများဆုံး ဖြစ်ခဲ့တဲ့ ကစားသမားတွေရဲ့ သွင်းဂိုးများထက်ပင် ကျော်လွန်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

အသက် (၃၀)အရွယ် တိုက်စစ်မှူး ဟယ်ရီကိန်းက ဒီနှစ်နွေမှာ စပါးအသင်းကနေ ဘိုင်ယန်အသင်းဆီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို သန်း(၁၁၀)နဲ့ ပြောင်းရွှေ့ခဲ့ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit : beIN SPORT

ဘိုင်ယန်အသင်းက အသင်းရဲ့ အဓိက တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးကို လက်လွတ်ရပြီးနောက် ဆာဒီယို မာနေးလို ကစားသမားမျိုးနဲ့ ပြန်လည် အစားထိုးခဲ့ပေမယ့်လည်း အဆင်မပြေခဲ့လို့ ဟယ်ရီကိန်းကို ခေါ်ယူခဲ့ရာ ကိန်းကလည်း သူရဲ့ ပွဲဦးထွက် ရာသီမှာပဲ အကောင်းဆုံး တောက်ပနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းက အခုဆို ဘိုင်ယန်အတွက် ဘွန်ဒက်စ်လီဂါ ပွဲပေါင်း (၁၁)ပွဲ ကစားထားပြီးချိန်မှာ သူရဲ့ လိဂ်သွင်းဂိုးက (၁၇)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီး (၅)ဂိုးလည်း ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိန်းက ဘွန်ဒက်စ်လီဂါ (၁၁)ပွဲအတွင်း ဟက်ထရစ် (၃)ကြိမ်အထိလည်း ရရှိထားခဲ့ပါသေးတယ်။

Photo Credit : Sky Sports

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကတော့ လက်ရှိ ဒေါ့မွန် တိုက်စစ်မှူးဖြစ်ပြီး ဝါဒါဘရီမင် ကစားသမားဟောင်းဖြစ်တဲ့ ဖယ်ခု နဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူးဟောင်း အန်ကွန်ကူတို့က သွင်းဂိုး (၁၆)ဂိုးစီနဲ့ ပူးတွဲ ဂိုးသွင်းအများဆုံးဆုကို ပိုင်ဆိုင်ခဲ့ရပါတယ်။

အခုဆိုရင် ဟယ်ရီကိန်းရဲ့ ဘွန်ဒက်စ်လီဂါ သွင်းဂိုးက (၁၇)ဂိုးတောင် ရှိသွားခဲ့ပြီဖြစ်လို့ ပြီးခဲ့တဲ့ ရာသီ ဂိုးသွင်းဘုရင် (၂)ဦးရဲ့ သွင်းဂိုးအရေအတွက်ထက်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်တဲ့အပြင် ဒီအတိုင်းသာဆိုရင် လီဝန်ဒေါစကီးရဲ့ တစ်ရာသီအတွင်း (၄၁)ဂိုးထိ စံချိန်တင် သွင်းယူထားနိုင်မှုကိုပါ ဆက်လက် ကျော်ဖြတ်ဖို့ အခြေအနေကောင်းနိုင်ပါတယ်။