ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၂-၀ ဆီဗီးလား ပွဲစဉ်မှာ သူတို့ရဲ့ ကြယ်ပွင့် ကစားသမား ဆာကာဟာ ပြိုင်ဘက် ကစားသမားတွေရဲ့ ပစ်မှတ်ထား လူချခြင်းကို ခံခဲ့ရတာကြောင့် ဒဏ်ရာ ရရှိခဲ့ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဗွီ ၊ လန်းစ် ၊ ဆီဗီးလား စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး အုပ်စု ပထမအကျော့ အဖြစ် ၃ပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၂ပွဲနိုင် ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ ရမှတ် ၆မှတ် စုဆောင်းနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ယနေ့မနက်မှာတော့ အာဆင်နယ်က အုပ်စု ဒုတိယအကျော့ရဲ့ ပထမဦးဆုံးပွဲ အဖြစ် ဆီဗီးလားကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အာတီတာက အဆိုပါပွဲမှာ ဒဏ်ရာရ ကစားသမားတွေကလွဲရင် လူစုံတက်စုံ ထုတ်သုံးကာ ဆီဗီးလားကို အနိုင်ယူဖို့ စီစဉ်ခဲ့ပါတယ်။

အိမ်ကွင်းမှာ ကစားရတဲ့ပွဲ ဖြစ်သလို ကစားသမား အင်အားချင်း ကွာဟချက် ကြီးမားတာကြောင့် အာဆင်နယ်က ဆီဗီးလားကို ပွဲစပွဲဆုံး ဖိအားပေး ကစားသွားနိုင်ခဲ့ပြီး အာဆင်နယ်အတွက် အနိုင်ဂိုး ၂ဂိုးကိုတော့ ပွဲချိန် ၂၉မိနစ်မှာ ထရော့ဆက်နဲ့ ပွဲချိန် ၆၄မိနစ်မှာ ဆာကာတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Live Score

အာဆင်နယ် ၂-၀ ဆီဗီးလား ပွဲစဉ်မှာ ဆာကာက ၁ဂိုးသွင်း ၊ ၁ဂိုး ဖန်တီးပေးကာ အာဆင်နယ်ရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင် ကစားပြခဲ့တာကြောင့် ဆီဗီးလား ကစားသမားတွေက သူ့ကို ခပ်ကြမ်းကြမ်း ဖျက်ထုတ် ကစားခဲ့ကြပါတယ်။

ဒါကြောင့်ပဲ ပွဲချိန် မိနစ် ၈၀ကျော်မှာ ဆာကာဟာ နာကျင်မှု တချို့ ခံစားလာရတာကြောင့် အသင်းဖော် ကီဝီယောနဲ့ လူစားလဲခဲ့ရပြီး အာတီတာကတော့ ဆီဗီးလား ကစားသမားတွေရဲ့ ဆာကာအပေါ် ခပ်ကြမ်းကြမ်း ဖျက်ထုတ်မှုတွေကြောင့် ဆာကာဟာ ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုလာပါတယ်။ အာတီတာက – “ဘောလုံးက ကိုယ်ကာယ သုံးပြီး ကစားရတဲ့ အားကစား တခု ဖြစ်သလို တောင်ပံ ကစားသမားတွေကလည်း ပြိုင်ဘက်တွေကို ဖြတ်ကျော်ရတဲ့ လူတွေ ဖြစ်တာကြောင့် ဖျက်ထုတ်မှု ကြမ်းကြမ်းတွေနဲ့ ရင်ဆိုင်ရရင် အခုလို ဖြစ်လာတော့တာပါပဲ။ ဆာကာက နာကျင်မှု တချို့ကြောင့် ပွဲပြီးအောင် အထိ မကစားနိုင်တော့လို့ သူ့ကို လူစားလဲခဲ့တာပါ။ သူ့ရဲ့ဒဏ်ရာက အရမ်းကြီး မပြင်းထန်ဖို့ မျှော်လင့်ထားပါတယ်။ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကို အရမ်းသဘောကျပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။