ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို ပြင်သစ်လက်ရွေးစင် ကစားသမားဟောင်းလည်း ဖြစ်တဲ့ နာဆရီက လာမယ့် နွေဈေးကွက်မှာ ပီအက်စ်ဂျီ ကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းမယ်လို့ သတင်းကြီးနေတဲ့ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ဆီ မပြောင်းပဲ ပီအက်စ်ဂျီမှာသာ ဆက်နေသင့်ကြောင်း အကြံပေး တိုက်တွန်းလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီကို စွန့်ခွာဖို့ အတော်လေး နီးစပ်ခဲ့ပေမယ့် ပီအက်စ်ဂျီဥက္ကဌ အယ်ခါလိုင်ဖီရဲ့ စည်းရုံး နားချမှုတွေကြောင့် အသင်းမှာ ဆက်နေခဲ့သူပါ။

Photo Credit: Goal

အမ်ဘာပေက ယခုနှစ် ဘောလုံးရာသီကို ပီအက်စ်ဂျီနဲ့အတူ ဖြတ်သန်းနေပေမယ့် ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုမယ့် အလားအလာ မရှိသေးပဲ ပီအက်စ်ဂျီကတော့ အမ်ဘာပေကို အနည်းဆုံး ၁နှစ် စာချုပ်သက်တမ်း တိုးနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

အမ်ဘာပေရဲ့ လက်ရှိ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပေမယ့် စာချုပ်သစ် ချုပ်ဆိုချိန်မှာ နောက်ထပ် ၁နှစ် ထပ်မံ သက်တမ်းတိုးခွင့် ပါနေတာကြောင့် အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ ၁နှစ် ထပ်မံ သက်တမ်းတိုးဖွယ် ရှိနေပါတယ်။

Photo Credit: Team Talk

အမ်ဘာပေကို ခေါ်ယူဖို့ ကာလရှည် ကြိုးစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကတော့ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁နှစ် ထပ်တိုးရင်တောင် လာမယ့် နွေဈေးကွက် အတွင်းမှာ အမ်ဘာပေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်ထားသလို အမ်ဘာပေကလည်း လာမယ့် နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီကို စွန့်ခွာဖို့ အလားအလာ များနေပါတယ်။

အာဆင်နယ် ၊ မန်ချက်စတာ စီးတီးနဲ့ မာဆေးလ်တို့လို ဥရောပ နာမည်ကြီးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ နာဆရီကတော့ အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်ဆီ မပြောင်းစေချင်ပဲ ပီအက်စ်ဂျီမှာ ဆက်နေတာဟာ အမ်ဘာပေ အတွက် အကောင်းဆုံးပဲလို့ ဆိုလာပါတယ်။ နာဆရီက – “အမ်ဘာပေဟာ ပဲရစ်မြို့သားပါ။ တကယ်လို့ ကျွန်တော်သာ သူ့ရဲ့ နေရာမှာဆိုရင် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်တွေ ယူမယ့် အစား ပီအက်စ်ဂျီမှာပဲ ဆက်နေသွားပါမယ်။ ကျွန်တော်က မာဆေးလ်အတွက် ကစားပေးနေတဲ့ အချိန်မှာ ကာတာတွေက မာဆေးလ်ကို ဝယ်ယူခဲ့မယ် ဆိုရင် ကျွန်တော်က မာဆေးလ်ကိုတောင် စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကိုယ့်ရဲ့ ရွာမှာ ဘုရင်အဖြစ် ဆက်နေတာက အမ်ဘာပေ အတွက် ပိုကောင်းမယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။