မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက် ဖွင့်လှစ်ချိန်မှာပဲ ပေါ်တိုအသင်းရဲ့ အီရန် တိုက်စစ်ကစားသမား တာရေမီကို ခေါ်ယူသွားဖို့ စီစဥ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်ဟာ နွေစျေးကွက်တုန်းက ဒိန်းမတ် တိုက်စစ်မှူးလေး ဟွိုင်လန်းကို အတ္တလန်တာကနေ ခေါ်ယူထားခဲ့ပေမယ့် အခုချိန်ထိ ဟွိုင်လန်းက ပရီးမီးယားလိဂ်မှာ လုံးဝ ဂိုးပေါက်မတွေ့သေးပဲ ချန်ပီယံလိဂ်မှာသာ (၃)ဂိုး သွင်းယူထားနိုင်ပါတယ်။
Photo Credit : Manchester Evening News
ကစားသမားသစ် ဟွိုင်လန်းက ဂိုးရဖို့ ရုန်းကန်နေရချိန် ယူနိုက်တက်ရဲ့ နောက်ထပ် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ် မာရှယ် အန်တိုနီ နဲ့ ဂါနာချိုတို့ပါ ဂိုးပေါက်ပျောက်နေရလို့ ပွဲတိိုင်းလိုလိုမှာ ယူနိုက်တက်တို့ ဂိုးတစ်ဂိုး ရဖို့တောင် ခက်ခဲနေရပါတယ်။
ဒါကြောင့် ယူနိုက်တက်က လာမယ့် စျေးကွက်မှာပဲ တိုက်စစ်ပိုင်း အင်အား ထပ်ဖြည့်သွားဖို့အတွက်နဲ့ ဟွိုင်လန်းရဲ့ back-up အဖြစ် အသုံးပြုသွားဖို့အတွက် အသက် (၃၁)နှစ်အရွယ် အီရန် လက်ရွေးစင် တိုက်စစ်မှူး တာရေမီကို ချိန်ရွယ်လာခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : Reuters
တာရေမီဟာ ဒီနွေမှာ အေစီမီလန်အသင်းဆီ ရောက်ရှိဖို့ အလွန် နီးစပ်ခဲ့သလို လတ်တလောမှာလည်း အင်တာမီလန်အသင်းရဲ့ ရေဒါထဲမှာပါ ပါဝင်နေသူ ဖြစ်နေတဲ့အပြင် ယူနိုက်တက်နဲ့လည်း အပြောင်းအရွှေ့ သတင်းတွေ ပြန်လည် ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ယူနိုက်တက်က ဟွိုင်လန်းကို မခေါ်ယူခင်မှာ တာရေမီကို ခေါ်ယူဖို့ပါ စဥ်းစားခဲ့ဖူးတယ်လို့ သတင်းတချို့မှာ ဖော်ပြထားခဲ့ပါတယ်။
အခုတော့ ပေါ်တိုအသင်းနဲ့ စာချုပ်သက်တမ်း လပိုင်းသာ ကျန်ရှိတော့မယ့် အတွေ့အကြုံရင့် အာရှကစားသမား တာရေမီကို ယူနိုက်တက်က ဆောင်းစျေးကွက်ထဲမှာပဲ cut-price တန်ကြေးနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လာဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ရဲ့ ကင်းထောက်တွေကလည်း ပေါ်တိုအသင်းရဲ့ ပွဲစဥ်တွေကို ကြည့်ရှုရင်းနဲ့ တာရေမီရဲ့ ခြေစွမ်းတွေကိုပါ လေ့လာလျက် ရှိနေတယ်လို့ သိရှိရပါတယ်။