အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား ဂါဘရီရယ် ဂျေဇူးက သူ့အနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်း ပြောဆိုလာခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ ဗိုလ်မစွဲခဲ့ဖူးသေးပဲ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီမှာပဲ ဗိုလ်လုပွဲအဆင့်ထိ တစ်ကြိမ်သာ တက်လှမ်းနိုင်ခဲ့ပြီး အဲ့ဒီတုန်းကတော့ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ကာ ဒုတိယနေရာနဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။
Photo Credit : Sky Sports
ဒါ့အပြင် အာဆင်နယ်အသင်းက နောက်ပိုင်းနှစ်တွေအတွင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ အလှမ်းဝေးနေခဲ့ရပြီး ယခု ဘောလုံးရာသီမှသာ ချန်ပီယံလိဂ် ပြန်လည် ကစားခွင့် ရရှိလာတာလည်း ဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာတော့ အာဆင်နယ်က ဆီဗီလာ PSV လန်းစ်တို့နဲ့ တစ်အုပ်စုတည်း အတူကျရောက်နေရပါတယ်။
လက်ရှိအချိန်ထိ အာဆင်နယ်က လန်းစ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားပြီး ဆီဗီလာ နဲ့ PSV တို့ကိုတော့ အနိုင်ယူထားပြီး (၃)ပွဲ ကစားထားပြီးချိန် အုပ်စု ပထမနေရာနဲ့ပါ ရပ်တည်ထားနိုင်ခဲ့ပါတယ်။
Photo Credit : The Irish Times
ဆီဗီလာကို အနိုင်ရရှိခဲဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်(၃)အတွင်း တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့ရတဲ့ ဂျေဇူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲက သူ အနှစ်သက်ဆုံးသော ပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့် အာဆင်နယ်နဲ့ပါ ဒီဖလားကြီးကို ရယူသွားနိုင်မယ်လို့ပါ ယုံကြည်ကြောင်း ပြောဆိုလာခဲ့ပါတယ်။
“ချန်ပီယံလိဂ်က ကျွန်တော် နှစ်သက်တဲ့ ပြိုင်ပွဲပါ။ ချန်ပီယံလိဂ် ပွဲဦးထွက်မှာပဲ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တယ်။ ချန်ပီယံလိဂ်ဖလားကိုတော့ မရဖူးသေးပါဘူး။ ဒါကြောင့် ကျွန်တော် ချန်ပီယံလိဂ်ဖလားကို ရယူသွားချင်ပါတယ်။ ချန်ပီယံလိဂ်ဖလား ဆိုတာက ရယူဖို့ ခဲယဉ်းတယ် ဆိုပေမယ့်လည်း အာဆင်နယ်အသင်းနဲ့အတူ ရယူသွားနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ဂျေဇူးက ပြောဆိုလာခဲ့ပါတယ်။