ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်က လောင်းကစားလုပ်ခဲ့မှုကြောင့် ယမန်နေ့မှာပဲ တရားဝင် ပွဲပယ်ခံလိုက်ရတဲ့ ကွင်းလယ်လူ တိုနယ်လီကြောင့် လာမယ့် ဆောင်းဈေးကွက် အတွင်းမှာ ဆော်ဒီကလပ် အယ် ဟီလယ်ရဲ့ ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်လူ တိုနယ်လီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေစီမီလန် ကနေ နယူးကာဆယ်ဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက နယူးကာဆယ်ဆီ ရောက်အပြီးမှာ ဂွီမာရေးစ်နဲ့ တွဲဖက်ကာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ပါတယ်။

Photo Credit: Arab News

တိုနယ်လီက အီတလီနဲ့ နယူးကာဆယ်တို့ အတွက် အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် အေစီမီလန်မှာ ကစားခဲ့စဉ်က လောင်းကစားတွေ လုပ်မိခဲ့တာကြောင့် ယမန်နေ့မှာပဲ ၁၀လ ပွဲပယ်ခံလိုက်ရပြီး ပွဲပယ်ခံထားရစဉ် ကာလအတွင်းမှာ တိုနယ်လီဟာ ဘောလုံးနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေ ၊ အသင်းနဲ့အတူ လေ့ကျင့်တာတွေ ၊ ဘောလုံးကစားတာတွေ စတဲ့ အရာတွေကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

အားကိုးရတဲ့ ကွင်းလယ်လူ တိုနယ်လီ တယောက် ကာလရှည် ပွဲပယ်ခံလိုက်ရတာက နယူးကာဆယ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တခု ဖြစ်ပြီး တိုနယ်လီ မရှိတော့ချိန်မှာ နယူးကာဆယ်ရဲ့ ကွင်းလယ်ပိုင်းမှာ အားနည်းချက်တွေလည်း ရှိလာခဲ့ပါတယ်။

Photo Credit: Telegraph

ဒါကြောင့်ပဲ နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ အသင်းအတွက် အားကိုးရမယ့် ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားကြပြီး နယူးကာဆယ်ရဲ့ ပစ်မှတ်တွေထဲမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ မက် တော်မီနေး ၊ မန်ချက်စတာ စီးတီး ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ် ၊ ဖူလ်ဟမ် ကွင်းလယ်လူ ပါလ်ဟင်ဟာ စတဲ့ ကစားသမားတွေ ပါဝင်နေပါတယ်။

နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ The Sunနဲ့ Guardianတို့ရဲ့ ဖော်ပြချက်တွေအရ နယူးကာဆယ်က တိုနယ်လီကြောင့် အားနည်းသွားတဲ့ ကွင်းလယ်ပိုင်း အတွက် ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဝုလ်ဗ် ကနေ ဆော်ဒီ ထိပ်သီးကလပ် အယ် ဟီလယ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို ခေါ်ယူချင်နေပြီး နယူးကာဆယ်ရဲ့ ပိုင်ရှင်က ဆော်ဒီတော်ဝင်မိသားစု ဖြစ်တာကြောင့် ရူဘင် နီဗက်စ်ကသာ သဘောတူမယ် ဆိုရင် နယူးကာဆယ်ဟာ နီဗက်စ်ကို အလွယ်တကူ ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။