စပိန်လာလီဂါရဲ့ လက်ရှိ ချန်ပီယံ ဘာစီလိုနာရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ တာစတီဂျန်က မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ အယ်ကလပ်စီကို ဒါဘီပွဲမှာ သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ကစားသမားသစ် ဘယ်လင်ဟမ်ကို သတိထားရမယ်လို့ အသင်းဖော်တွေကို သတိပေးသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကြယ်ပွင့် ဂျု့ဒ် ဘယ်လင်ဟမ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဒေါ့မွန် ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကစားသမား ဖြစ်နေပါတယ်။

Photo Credit: Euro Sports

Box To Box ကွင်းလယ်လူ အဖြစ် ကစားလေ့ ရှိတဲ့ ဘယ်လင်ဟမ်က ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် အတွက် ပါဝင် ကစားပေးထားတဲ့ ပွဲစဉ်တိုင်းနီးပါးမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့သူ ဖြစ်ပြီး သူက ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။

ဒါကြောင့်ပဲ စနေနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အယ်ကလပ်စီကို ဒါဘီပွဲမှာ ဘယ်လင်ဟမ်ဟာ ပွဲရဲ့ အဖြေကို ပြောင်းလဲပေးနိုင်စွမ်း ရှိတဲ့ ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။

 

Photo Credit: Forbes

ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင် တဦး ဖြစ်သလို နံပါတ်တစ် ဂိုးသမားလည်း ဖြစ်တဲ့ တာစတီဂျန်က ဘယ်လင်ဟမ်ရဲ့ အရည်အသွေးတွေကို ကောင်းကောင်းကြီး သဘောပေါက်ပြီး သူတို့အသင်းဟာ ဘယ်လင်ဟမ်ကို ထိန်းချုပ် ကစားနိုင်မှာ ကစားရ လွယ်ကူသွားလိမ့်မယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။

တာစတီဂျန်က – “ဘယ်လင်ဟမ်နဲ့ ပတ်သတ်ပြီး ပြောရရင်တော့ ကျွန်တော်တို့က သူ့ကို ထိန်းချုပ်ထားနိုင်ဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူက ကွင်းလယ်ပိုင်းမှာ ကစားပေမယ့် ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေ အများကြီးကို ရတတ်လို့ပါ။ ဘယ်လင်ဟမ်က ဘန်ဇီမာနဲ့ လုံးဝ ကွဲပြားတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် သူက ဘန်ဇီမာရဲ့ ကွက်လပ်ကို အကောင်းဆုံး ဖြည့်ပေးနေပါတယ်။ ပြီးတော့ သူက ဂိုးဧရိယာ အနီးတဝိုက်မှာ ရှိနေရင် အရမ်းကို အန္တရာယ်များတဲ့ ကစားသမား တဦးပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။