ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဂါဘရီရယ် ဂျေဇူးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆီဗီးလား ၁-၂ အာဆင်နယ် ပွဲစဉ်မှာ သူဟာ နာကျင်မှု တချို့ ခံစားခဲ့ရတာကြောင့် လူစားလဲခံခဲ့ရပေမယ့် စစ်ဆေးမှုတွေ လုပ်ပြီးချိန်မှာ ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ပါဘူးလို့ ပွဲပြီးအင်တာဗျူးမှာ ပြောကာ ပရိသတ်တွေကို သတင်းကောင်း ပါးသွားခဲ့ပါတယ်။

အာဆင်နယ်က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီဗီးလား ၊ လန်းစ် ၊ ပီအက်စ်ဗွီ စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ပြီး အုပ်စု အဖွင့်ပွဲမှာ ပီအက်စ်ဗွီကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် အုပ်စု ဒုတိယပွဲမှာ မထင်မှတ်ပဲ လန်းစ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုတက်ဖို့ အတွက် ဆီဗီးလားကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့ပါတယ်။

Photo Credit: Arsenal

ဒါကြောင့်ပဲ အာဆင်နယ်နည်းပြချုပ် အာတီတာက ဆီဗီးလားကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရချိန်မှာ အဓိက ကစားသမား အစုံအလင် ပါဝင်တဲ့ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တဖက် ဆီဗီးလားကလည်း အိမ်ရှင် အားသာချက်နဲ့ အာဆင်နယ်ကို ဒုက္ခပေးနိုင်ဖို့ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ထုတ်သုံးခဲ့ပါတယ်။

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့တာကြောင့် ပွဲက အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး ဧည့်သည် အာဆင်နယ်က ကစားပုံ ပိုသာခဲ့သလို အိမ်ရှင် ဆီဗီးလားကလည်း သူတို့ရဲ့ အိမ်ကွင်းမာကျောမှုကို ပြသနိုင်ခဲ့ပါတယ်။ အကြိတ်အနယ် ယှဉ်ပြိုင် ကစားရင်း ပထမပိုင်းက ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးဖို့ နီးစပ်သွားခဲ့ပေမယ့် ပွဲချိန် ၄၅+၄ မိနစ်မှာ မာတီနယ်လီက အာဆင်နယ် အတွက် အဖွင့်ဂိုးကို စတင် သွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီနောက် ဒုတိယပိုင်း အစ ပွဲချိန် ၅၄မိနစ်မှာ ဂါဘရီရယ် ဂျေဇူးက အာဆင်နယ် အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပြီး ဆီဗီးလား အတွက် သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၅၈မိနစ်မှာ နောက်ခံလူ ဂူဒယ်ဂျ်က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဆီဗီးလား ၁-၂ အာဆင်နယ် ပွဲစဉ်မှာ ဘရာဇီးလ် တိုက်စစ်အတွဲ ဖြစ်တဲ့ မာတီနယ်လီနဲ့ ဂျေဇူးတို့က အထူး ခြေစွမ်းပြ ကစားခဲ့ကြပေမယ့် ပွဲချိန် မိနစ် ၈၀ ဝန်းကျင်မှာတော့ ဂျေဇူးဟာ နာကျင်မှု တချို့ကြောင့် သူ့ကို လူစားလဲပေးဖို့ အချက်ပြခဲ့ရပြီး အာဆင်နယ်ပရိသတ်တွေက ဂျေဇူးရဲ့ ဒဏ်ရာအတွက် စိုးရိမ်ခဲ့ကြပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ဂျေဇူးက သူဟာ နာကျင်မှု တချို့ကို ခံစားခဲ့ရရုံသာ ဖြစ်ကြောင်းနဲ့ ဒဏ်ရာမရခဲ့ကြောင်း ဖွင့်ဟ ပြောကြားကာ အာဆင်နယ်ပရိသတ်တွေရဲ့ စိုးရိမ်စိတ်တွေကို ပြေပျောက်စေခဲ့ပါတယ်။ ဂျေဇူးက – “ကစားနေရင်းနဲ့ နာကျင်မှု တချို့ကို ခံစားခဲ့ရပါတယ်။ အဲ့ဒါကြောင့် လူစားလဲခိုင်းခဲ့တာပါ။ ကျွန်တော်က အသေးစိတ် စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်ရပါဦးမယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒါဟာ ဒဏ်ရာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ ကျွန်တော်က အသင်းဆရာဝန်နဲ့လည်း စမ်းသပ်မှု တချို့ လုပ်ပြီးပါပြီ။ ဒါကြောင့် ပြင်းထန်တဲ့ ဒဏ်ရာမျိုး မဟုတ်ဘူး ဆိုတာ သိနေပါတယ်။ ဒါပေမယ့် ဆေးစစ်ချက်တွေကို စောင့်ကြည့်ရပါဦးမယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။