ဥရောပ နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ နယူးကာဆယ်တို့က လောင်းကစား လုပ်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်တွေ ကျခံရတော့မယ့် ကွင်းလယ်လူ ဖာဂီယိုလီနဲ့ တိုနယ်လီတို့ကြောင့် မန်ချက်စတာ စီးတီး ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အီတလီ လက်ရွေးစင် ကစားသမားတွေ ဖြစ်ကြတဲ့ ဖာဂီယိုလီနဲ့ တိုနယ်လီတို့က သူတို့ရဲ့ လက်ရွေးစင် အသင်းဖော် ဇာနီရိုလိုနဲ့ ပေါင်းကာ ဘောလုံးပွဲ လောင်းတာကို အကြီးအကျယ် လုပ်ခဲ့ကြတာကြောင့် ယခုချိန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ စုံစမ်း စစ်ဆေးမှုကို ခံနေကြရပါတယ်။

Photo Credit: Goal

အီတလီ ဘောလုံးအဖွဲ့ချုပ် အပါအဝင် နာမည်ကြီး အဖွဲ့အစည်းတွေက ဖာဂီယိုလီ ၊ တိုနယ်လီနဲ့ ဇာနီရိုလိုတို့ရဲ့ ဘောလုံးပွဲလောင်းမှုကို စုံစမ်းမှုတွေ လုပ်နေကြပြီး ဖာဂီယိုလီနဲ့ တိုနယ်လီတို့က သူတို့ဟာ ဘောလုံးပွဲ လောင်းတာကို ကာလရှည် လုပ်မိခဲ့ကြကြောင်း ဝန်ခံထားပါတယ်။

ဖာဂီယိုလီနဲ့ တိုနယ်လီတို့က အလွယ်တကူ ဖြောင့်ချက် ပေးခဲ့တာကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက သူတို့ရဲ့ အပြစ်တွေကို လျှော့ပေါ့ပေးဖို့ စီစဉ်နေကြပေမယ့် ဘောလုံးပွဲလောင်းခဲ့မှုကြောင့် ဖာဂီယိုလီနဲ့ တိုနယ်လီတို့ဟာ အနည်းဆုံး ၆လ ကနေ အများဆုံး ၁နှစ်ခွဲ ဝန်းကျင် အထိ ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ် ရှိနေပါတယ်။

Photo Credit: Euro Sports

လောင်းကစားမှုနဲ့ ပတ်သတ်တဲ့ ပွဲပယ်ပြစ်ဒဏ်ဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ သက်ရောက်မှု ရှိတာကြောင့် ဖာဂီယိုလီနဲ့ တိုနယ်လီတို့က ပွဲပယ်ကာလ အတွင်းမှာ သက်ဆိုင်ရာ ကလပ်တွေ ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ နယူးကာဆယ်တို့ အတွက် ဝင်ရောက် ကစားပေးနိုင်မှာ မဟုတ်သလို အသင်းဖော်တွေနဲ့ လေ့ကျင့်ခွင့်လည်း ရမှာ မဟုတ်ပါဘူး။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်နဲ့ နယူးကာဆယ်တို့က ဖာဂီယိုလီနဲ့ တိုနယ်လီတို့ကို ကာလရှည် လက်လွှတ်ရဖို့ ရှိနေတာကြောင့် သူတို့နှစ်ဦးရဲ့ ကွက်လပ်ကို ဖြည့်နိုင်ဖို့ လာမယ့် ဆောင်းဈေးကွက်မှာ မန်ချက်စတာ စီးတီး ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူရန် ကြိုးစားဖို့ ဆုံးဖြတ်ထားကြပြီး မန်ချက်စတာ စီးတီးကလည်း ကယ်ဗင် ဖီးလစ်ကသာ အသင်းပြောင်းချင်ရင် အသင်းပြောင်းခွင့် ပေးဖွယ် ရှိနေကြောင်း သိရပါတယ်။