အယ်လ်ဟီလာအသင်းရဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာဟာ ဥရုဂွေးအသင်းနဲ့ ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ ဒူးအရွတ် စုတ်ပြဲတဲ့ ဒဏ်ရာ (ACL injury) ကြောင့် ခွဲစိတ်ကုသမှု ခံယူရတော့မှာဖြစ်ပြီး ကာလရှည်ကြာလည်း အနားယူသွားရတော့မှာ ဖြစ်ပါတယ်။

ဥရုဂွေး နဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ပထမပိုင်း ပြီးဆုံးခါနီးမှာပဲ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ဒဏ်ရာ နာကျင်မှုကြောင့် နေမာမှာ ငိုကြွေးနေခဲ့ရသလို ကွင်းထဲကနေလည်း ထမ်းစင်နဲ့ ထွက်ခွာခဲ့ရပါတယ်။

Photo Credit : CNN

ဒဏ်ရာတွေ မကြာခဏ ရရှိနေတက်ပြီး ရက်ပေါင်းများစွာ အနားယူနေရတက်တဲ့ နေမာဟာ အခုလည်း ဘောလုံးသမားတိုင်းအတွက် အိမ်မက်ဆိုးကြီးတစ်ခုဖြစ်သော ACL injury ကို ရရှိသွားခဲ့တာဖြစ်ပြီး နောက်ထပ် ကာလရှည်ကြာပါ အနားယူသွားရပါတော့မယ်။

လက်ရှိမှာ အသက် (၃၁)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နေမာက အခုလို ဒဏ်ရာဆိုးကြီးပါ ထပ်မံ ရရှိလိုက်တာကြောင့် အနည်းဆုံး (၈)လခန့်လောက်အထိ အနားယူသွားရနိုင်ပေမယ့် ၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲအမီ ပြန်လည် သက်သာလာနိုင်ဖွယ်လည်း ရှိနိုင်ပါတယ်။

Photo Credit : Sky Sports

ရော်နယ်လ်ဒို မက်ဆီတို့ပြီးရင် ဆမ်ဘာ ကြယ်ပွင့် နေမာက အကောင်းဆုံး ဘောလုံးသမားလို့ အများက ယူဆခဲ့ကြပေမယ့်လည်း နေမာရဲ့ ကစားသမားဘဝဟာ ဒဏ်ရာပြသာနာတွေနဲ့ အမြဲတမ်း လုံးပန်းနေရခြင်းက သူရောက်သင့်တဲ့ နေရာထိ မရောက်နိုင်အောင် ဟန့်တားနေသလိုပါပဲ။

နေမာရဲ့ ဒဏ်ရာ ပြသာနာဆိုးကြီးကြောင့် သူ့ကို ငွေကြေး မြောက်များစွာနဲ့ ခေါ်ယူခဲ့တဲ့ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းအတွက်လည်း ထိုးနှက်ချက် ဖြစ်သွားရနိုင်ပြီး အခုလို အမှတ်ပေးဖလားအတွက်ရော အာရှ ချန်ပီယံလိဂ်အတွက်ပါ အပြိုင်အဆိုင် ဖြစ်နေချိန် နေမာလို ထိပ်တန်း ကစားသမားမျိုးကို ကာလရှည် အနားပေးရတော့မှာက အယ်လ်ဟီလာအတွက် စိတ်ပျက်စရာ ဖြစ်နေမှာ အသေအချာပါပဲ။