အာဂျင်တီးနား ဝါရင့် တောင်ပံ ကစားသမားကြီး အိန်ဂျယ် ဒီမာရီယာက သူရဲ့အသင်းဖော် လီယွန်နယ် မက်ဆီနဲ့အတူ အာဂျင်တီးနား လက်ရွေးစင်မှာ တွဲဖက် ကစားနေရသလို ပီအက်စ်ဂျီအသင်းမှာလည်း အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတာကိုလည်း သူ အရမ်း ဂုဏ်ယူ ဝမ်းမြောက်မိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနား တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ မက်ဆီ နဲ့ ဒီမာရီယာတို့ဟာ လက်ရွေးစင် အသင်းဖော်တွေ ဖြစ်ခဲ့ပေမယ့်လည်း ကလပ်အသင်းဘက်မှာတော့ နှစ်ဦးလုံးက အယ်လ်ကလက်စီကို ခါးသီးပြိုင်ဘက်တွေအဖြစ် မကြာခဏ ရင်ဆိုင် တွေ့ဆုံခဲ့ရပါတယ်။

ဒါ့အပြင် ဒီမာရီယာက ပီအက်စ်ဂျီကို ရောက်ရှိနေချိန်မှာလည်း မက်ဆီက ဘာစီလိုနာ ကစားသမားအဖြစ် ဒီမာရီယာနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒါပေမယ့် မက်ဆီ ပီအက်စ်ဂျီကို ရောက်လာချိန်မှာတော့ ဒီမာရီယာ နဲ့ မက်ဆီတို့ဟာ ကလပ်အသင်းဖော်တွေအဖြစ် တစ်ရာသီ တွဲဖက် ကစားခွင့် ရရှိခဲ့ပါတယ်။

ဒီမာရီယာက အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ မက်ဆီနဲ့ ကြိမ်ဖန်များစွာ တွဲဖက် ကစားခဲ့ဖူးပေမယ့် ကလပ်အသင်းအဆင့်မှာတော့ ပြိုင်ဘက်တွေအဖြစ်နဲ့သာ ခဏခဏ တွေ့ဆုံနေရတာမို့ ပီအက်စ်ဂျီအသင်းမှာ တစ်ရာသီလေး တွဲဖက် ကစားခဲ့ရခြင်းအပေါ် သူအတော်လေး ဝမ်းမြောက်မိကြောင်း ဖွင့်ဟသွားပါတယ်။

“ကျွန်တော် မက်ဆီ ကို ဖက်ပြီး စကားပြောခဲ့ပါတယ်။ ငါ ကျေးဇူးတင်မိခဲ့တဲ့ တစ်ခုတည်းသော အကြောင်းအရာက မင်းနဲ့အတူ ကလပ်အသင်းတစ်ခုမှာ အတူ တွဲကစားခဲ့ရတာကိုပါ။ ငါ မင်းနဲ့လည်း နေ့တိုင်း တွေ့ဆုံခွင့်လည်း ရရှိခဲ့တယ်ဆိုပြီး ကျွန်တော် ပြောခဲ့တယ်။” လို့ ဒီမာရီယာက ပြောဆိုလာခဲ့ပါတယ်။

အသက် (၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဒီမာရီယာဟာ လက်ရှိမှာတော့ သူရဲ့ ကလပ်အသင်းဟောင်း ဘင်ဖီကာအသင်းမှာ ပါဝင်ကစားလို့နေပြီး အာဂျင်တီးနားအတွက် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲပြီးရင် လက်ရွေးစင် ကစားသမားဘဝက အနားယူသွားမယ်လို့ ထုတ်ဖော်သွားခဲ့ပါတယ်။