ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်မှာ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ ထုတ်ပယ်ခံထားရတဲ့ တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက လာမယ့် ဆောင်းဈေးကွက်မှာ အသင်းဟောင်း ဒေါ့မွန်ဆီ ပြန်ပြောင်းဖို့ စီစဉ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။

 

အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ၂၀၂၁ခုနှစ်မှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ဒေါ့မွန် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၇ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

Photo Credit: Goal

ဆန်ချိုက မန်ချက်စတာ ယူနိုက်တက်မှာ တပတ် လုပ်ခလစာ ပေါင် ၃သိန်း အထိ ရရှိနေပေမယ့် ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်ခြင်း မရှိသလို ခြေစွမ်းမတည်ငြိမ်မှုကြောင့် ပုံမှန် ပွဲထွက်ခွင့် ရဖို့လည်း ရုန်းကန်နေရပါတယ်။

 

မကြာသေးမီကလည်း ဆန်ချိုက မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်နဲ့ လေ့ကျင့်ရေးကွင်းမှာ စကားများခဲ့သလို အဆိုပါကိစ္စကို လူမှုကွန်ယက်မှာ တင်ခဲ့တာကြောင့် အသင်းရဲ့ လူစာရင်းကနေပါ ဖယ်ရှားခံခဲ့ရပါတယ်။

Photo Credit: Stretty News

လက်ရှိမှာ ဆန်ချိုက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီအသင်းနဲ့ ပူးပေါင်းကာ လေ့ကျင့်ခန်း ဆင်းနေရသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကလည်း ဆန်ချိုရဲ့ လေ့ကျင့်ရေးကွင်းမှာ မကြိုးစားမှုနဲ့ စည်းကမ်းပိုင်း အားနည်းချက်တို့ကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ ဆန်ချိုကို ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။

 

နာမည်ကြီး သတင်းထောက် ၂ဦး ဖြစ်တဲ့ စကော့ ဆောင်းဒါးစ်နဲ့ ဂျရေမီ ဘိုင်လီတို့ရဲ့ ဖော်ပြချက်တွေအရ ယူနိုက်တက်က ဆန်ချိုကို ရောင်းထုတ်ဖို့ လုပ်နေသလို ဆန်ချိုကလည်း ယူနိုက်တက်ကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပြီး ဆန်ချိုဟာ အသင်းဟောင်း ဒေါ့မွန်ဆီ ပြန်သွားဖို့ စဉ်းစားထားကြောင်း သိရပါတယ်။