ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ မေဆန်မောင့်က ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၇) အဖြစ် ပဲလေ့စ်နဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ ပရိသတ်တွေ အတွက် လာမယ့်ပွဲတွေမှာ အနိုင်ရလဒ်တွေ ရယူပေးနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်၃နဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာတော့ ရလဒ်တွေ အတော်လေး ဆိုးဝါးနေပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၇) အပြီးမှာ ၃ပွဲနိုင် ၊ ၄ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၉မှတ်သာ စုဆောင်းထားနိုင်ပါတယ်။

Photo Credit: Sky Sports

ပရီးမီးယားလိဂ် ပွဲစဉ်(၇) အဖြစ် ကစားခဲ့တဲ့ ပဲလေ့စ်နဲ့ ပွဲစဉ်မှာလည်း မန်ချက်စတာ ယူနိုက်တက်က မေဆန်မောင့် ၊ ဘရူနို ၊ ရက်ဖို့ဒ် ၊ ကတ်စ်မဲရိုး ၊ ဗာရန်း ၊ အိုနာနာ စတဲ့ အဓိက ကစားသမား အများအပြား သုံးစွဲခဲ့ပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်ဆင်မှုမှာ အားနည်းချက်တွေ ရှိနေခဲ့တာကြောင့် အိမ်ကွင်းမှာ ပဲလေ့စ်ကို ၁ဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ပဲ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။

ပွဲစဉ်(၇) အပြီးမှာ ၄ပွဲ အထိ ရှုံးနိမ့်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ် အများစုက ကစားသမားတွေကို ဝေဖန်မှုတွေ စတင် ပြုလုပ်နေကြပြီး မကြာသေးမီကမှ ချယ်လ်ဆီးကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ မေဆန်မောင့်ကလည်း ဝေဖန်ခံရတဲ့ ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက် ၀-၁ ပဲလေ့စ် ပွဲအပြီးမှာတော့ မေဆန်မောင့်က သူတို့အသင်းဟာ ပရိသတ်တွေ အတွက် နိုင်ပွဲတွေ ရယူပေးချင်ကြောင်းနဲ့ နိုင်ပွဲတွေ ရယူဖို့ အတွက် အခုထက် ပိုမို ကောင်းမွန်တဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်အောင် အစွမ်းကုန် ကြိုးစားမယ်လို့ ကတိပေးသွားခဲ့ပါတယ်။

မေဆန်မောင့်က – “ကျွန်တော်တို့က အခုထက် ပိုပြီး တိုးတက်ဖို့ လိုအပ်နေသလို တိုးတက်အောင်လည်း ကြိုးစားသွားပါမယ်။ ကျွန်တော်တို့က ပရိသတ်တွေ အတွက် ကောင်းကောင်း ကစားပြချင်တယ်။ အနိုင်ရလဒ်တွေ ရယူပေးချင်ပါတယ်။ ကျွန်တော်တို့က ဒီထက် ပိုတိုးတက်လာမှာ သေချာပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ အဆင်မပြေဖြစ်ခဲ့တဲ့ အပိုင်းတွေကို ပြန်ကြည့်မယ်။ ပြီးရင် အဲ့ဒီအပိုင်းမှာ တိုးတက်မှုတွေ ရှိလာအောင် လုပ်ပါမယ်။ ဒါဆိုရင်တော့ အနိုင်ရလဒ်တွေ ရလာပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။