ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ နယူးကာဆယ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူတို့အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲ ကနေ ထွက်ခဲ့ရလို့ ဘာမှမခံစားရကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ရာသီမှာ ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ဒီရာသီမှာလည်း ၃၂သင်းအဆင့်မှာတင် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

Photo Credit: Euro Sports

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ မန်ချက်စတာ စီးတီးတို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား တချို့ကို အရန် ကစားသမား အများစုနဲ့ ပေါင်းစပ်ကာ ပွဲထုတ်ခဲ့ကြပြီး နယူးကာဆယ်ဘက်က နစ်ပုတ် ၊ တိုနယ်လီ ၊ အိုင်ဆက် ၊ ဂျိုအယ်လင်တန် စတဲ့ အဓိက ကစားသမားတွေကို ထုတ်သုံးခဲ့သလို မန်ချက်စတာ စီးတီးကလည်း ဂျက် ဂရီးလစ်ရှ် ၊ အယ်ဗာရက်ဇ် ၊ ကိုဗာချစ် ၊ အကန်ဂျီ ၊ ဗာဒီယို ၊ အကီ စတဲ့ အဓိက ကစားသမားတွေကို အသုံးပြုခဲ့ပါတယ်။

နှစ်သင်းစလုံးက အဓိက ကစားသမားတွေနဲ့ အရန် ကစားသမားတွေကို ပေါင်းစပ်ကာ ပွဲထုတ်ခဲ့ကြတာကြောင့် အစပိုင်းမှာ ကစားကွက် တည်ဖို့ ရုန်းကန်ခဲ့ကြရပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ဧည့်သည် မန်ချက်စတာ စီးတီးက ပွဲကို ပိုမို စိုးမိုးလာနိုင်ခဲ့ပြီး နယူးကာဆယ်ကတော့ တန်ပြန်တိုက်စစ်နဲ့သာ မန်ချက်စတာ စီးတီးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။

Photo Credit: Squawka

ပွဲချိန် ၅၃မိနစ်မှာတော့ နယူးကာဆယ်ရဲ့ အဓိက တိုက်စစ်မှူး အိုင်ဆက်က နယူးကာဆယ် အတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး မန်ချက်စတာ စီးတီးက ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ချေပဂိုး ပြန်လည် ရရှိဖို့ ဖိုဒန် ၊ နူနက်စ် ၊ ဒိုကူ စတဲ့ ကစားသမားတွေကို ထည့်သွင်းခဲ့ပေမယ့် လိုအပ်တဲ့ ချေပဂိုး ပြန်မရခဲ့တာကြောင့် ကာရာဘောင်းပြိုင်ပွဲကို စောစောစီးစီး လက်လွှတ်ခဲ့ရတာပါ။

နယူးကာဆယ် ၁-၀ မန်ချက်စတာ စီးတီး ပွဲစဉ်အပြီးမှာ စီးတီးနည်းပြ ဂွာဒီယိုလာက သူတို့အသင်းမှာ ဖလားပြိုင်ပွဲ ၃ခု ကျန်နေသေးတဲ့ အတွက် ကာရာဘောင်းပြိုင်ပွဲ ကနေ ထွက်ခဲ့ရလို့ ဘာမှမဖြစ်ကြောင်း ဆိုလာပါတယ်။ ဂွာဒီယိုလာက – “ပထမဦးဆုံး ကျွန်တော်တို့ကို အနိုင်ယူသွားတဲ့ နယူးကာဆယ်ကို ဂုဏ်ပြုချင်ပါတယ်။ ကျွန်တော်တို့က ပထမပိုင်းကို အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် နယူးကာဆယ်က ခပ်မာမာ ကစားခဲ့လို့ ကျွန်တော်တို့တွေ ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ခြေစွမ်းက အနိုင်ရဖို့ မလုံလောက်ခဲ့ပါဘူး။ ဒါကြောင့် နယူးကာဆယ်ကို ဂုဏ်ပြုချင်ပါတယ်။ ကျွန်တော်တို့က ဥရောပစူပါဖလားကို ယူပြီးပါပြီ။ ပြီးတော့ ကျွန်တော်တို့မှာ ကစားရမယ့် ပြိုင်ပွဲ ၃ခု ကျန်နေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က အေးဆေးပါပဲ။ ကျွန်တော်ကတော့ ကာရာဘောင်းပြိုင်ပွဲမှာ ကျန်ခဲ့တဲ့ အသင်းအားလုံး ကံကောင်းပါစေလို့ ဆုတောင်းပေးချင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။