လီယွန်နယ် မက်ဆီက လက်ရှိမှာ သူ့အနေနဲ့ ဘောလုံးသမားဘဝကနေ အနားယူသွားမယ့် အကြောင်းတွေကို မစဉ်းစားသေးနိုင်သေးပဲ ကလပ် နဲ့ လက်ရွေးစင်အသင်းအတွက်သာ ကစားနိုင်သလောက် ဆက်ပြီး ကစားပေးသွားချင်သေးတယ်လို့ Olga Live အစီအစဉ်မှာ ပြောဆိုသွားခဲ့ပါတယ်။

GOAT ကြီး မက်ဆီဟာ လက်ရှိမှာ အသက် (၃၆)နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း အင်တာ မိုင်ယာမီအသင်း နဲ့ အာဂျင်တီးနားအသင်းတို့အတွက် အကောင်းဆုံး စွမ်းဆောင်ပေးလျက် ရှိနေပြီး မက်ဆီအနေနဲ့ သူရဲ့ လက်ရှိ အခိုက်အတန့်ကိုလည်း ကျေနပ်လျက် ရှိနေပါတယ်။

Photo Credit : The Ringer

သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အနားယူဖို့ အကြောင်းတွေ မေးမြန်းလာချိန်မှာတော့ မက်ဆီက “အနားယူမယ့် အကြောင်းကို ကျွန်တော် မစဉ်းစားခဲ့ဖူးသလို စဉ်းလည်း မစဉ်းစားချင်ပါဘူး။ ကိုယ်လုပ်နေတဲ့ အရာတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဆက်လုပ်သွားချင်ပါတယ်။”

“ဥရောပကနေ ထွက်ခွာပြီးတဲ့နောက်မှာ ကျွန်တော် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကို လှမ်းခဲ့တယ်။ နောက်ထပ် ခြေလှမ်းအကြောင်းကို ကျွန်တော် ထပ်ပြီး မတွေးထားချင်ဘူး။ ကျွန်တော် အနှစ်သက်ဆုံးဖြစ်တဲ့ ဘောလုံးကစားနေရခြင်းကိုပဲ ခံစားသက်ဝင်နေပါတယ်။ ဒါက ကျွန်တော်ရဲ့ အမြတ်နိုးဆုံး အလုပ်ပါပဲ။”

Photo Credit : CNN

“ဘောလုံးသမားဘဝကနေ အနားယူလိုက်ချိန်မှာ ဘာတွေ ဆက်လုပ်ဖြစ်မလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။ ဘောလုံးနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ကျွန်တော် သဘောကျပါတယ်။ ကလေးတွေကို သင်ကြားပေးရတာရော အားကစား ဒါရိုက်တာ လုပ်ရတာရော သဘောကျတယ်။ ဒါပေမယ့် ဒါတွေကို ဘယ်မှာ လုပ်ဖြစ်မလဲဆိုတာတော့ မသိသေးပါဘူး။” လို့ ဖြေဆိုသွားခဲ့ပါတယ်။

မက်ဆီက အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင် ဆင်နွဲဖို့က ရာခိုင်နှုန်းအားဖြင့် အရမ်းနည်းနေပေမယ့် လာမယ့်နှစ် ကိုပါအမေရိက ပြိုင်ပွဲမှာတော့ အာဂျင်တီးနားအတွက် ပါဝင် ကစားပေးဖို့ကတော့ သေချာသလောက်ကို ရှိနေပါတယ်။