ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ဂိုးသမားဟောင်း တဦး ဖြစ်သူ ဘီဂိုဗစ်က သူ့ရဲ့ အသင်းဟောင်းဟာ ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူမယ့်အစား ဝက်စ်ဟမ်း ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့သွားတဲ့ ဒီကလန်ရိုက်စ်ကို ခေါ်ယူခဲ့သင့်ကြောင်း ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

အမေရိကန် သန်းကြွယ်သူဌေး တော့ပ် ဘိုလေ ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ကိုင်စီဒို အပါအဝင် ကစားသမားသစ် ၁၂ဦးကို ပြောင်းရွှေ့ကြေး ယူရို ၄၆၂သန်း အထိ သုံးကာ ခေါ်ယူထားပေမယ့် အခုချိန်အထိ သုံးစွဲထားရတဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ ရလဒ်ကောင်းတွေကို မရသေးပါဘူး။

Photo Credit: Tribuna

ချယ်လ်ဆီးက ရာသီအဖွင့်ပွဲ ၄ပွဲမှာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးကို ပိုင်ဆိုင်ထားသလို ရှုံးနိမ့်ခဲ့တဲ့ နှစ်သင်းကလည်း ဝက်စ်ဟမ်းနဲ့ နော်တင်ဟမ် ဖောရက်စ်တို့လို အသင်းငယ်တွေ ဖြစ်တာကြောင့် ချယ်လ်ဆီးပရိသတ်တွေ အတွက် အတော်လေး မခံချင်စရာ ကောင်းပါတယ်။

ဒါ့အပြင် အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ကိုင်စီဒိုကလည်း ချယ်လ်ဆီးအတွက် ၃ပွဲ ပါဝင် ကစားပေးထားရာမှာ ပရိသတ်တွေ အကြိုက်တွေ့မယ့် ခြေစွမ်းမျိုးကို မပြနိုင်ခဲ့သလို သူ့ရဲ့ အမှားကနေ တဆင့် ပေးခဲ့ရတဲ့ ပေးဂိုးဟာ ၂ဂိုး အထိ (ပင်နယ်တီ ၁ကြိမ် အပါအဝင်) ရှိနေပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ ဂိုးသမားဟောင်း ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်း အတော်များများမှာ ကစားခဲ့ဖူးတဲ့ ဘီဂိုဗစ်က ချယ်လ်ဆီးဟာ ကိုင်စီဒို အစား ဒီကလန်ရိုက်စ်ကို ခေါ်ယူခဲ့သင့်တာပါလို့ မချိတင်ကဲ ပြောလာတာပါ။

ဘီဂိုဗစ်က – “ပေါင် ၁၁၅သန်း သုံးပြီး ကိုင်စီဒိုကို ခေါ်မယ့်အစား ပေါင် ၁၂၀သန်း ပေးပြီး ဒီကလန်ရိုက်စ်ကို ခေါ်ယူတာဟာ သေချာပေါက် လုပ်သင့်တဲ့ အရာလို့ မြင်ပါတယ်။ ကျွန်တော်က ဒီကလန်ရိုက်စ်နဲ့ လူချင်းမသိပါဘူး။ ပြီးတော့ ရိုက်စ်က အာဆင်နယ် အတွက် မကစားပေးချင်ဘူးလို့လည်း မပြောချင်ပါဘူး။ ဒါပေမယ့် ဒီကလန်ရိုက်စ်ဟာ ချယ်လ်ဆီးဆီ ပြောင်းလာခဲ့ချင်လိမ့်မယ်လို့ ထင်ပါတယ်။ အပြောင်းအရွှေ့ရာသီကို ကြည့်ပြီး ဘာကြောင့် ဒီကလန်ရိုက်စ်က ချယ်လ်ဆီးဆီ မပြောင်းပဲ တခြားအသင်းဆီ ပြောင်းသွားတာလဲလို့ မေးမိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ကစားသမား ဘဝ အကောင်းဆုံးအရွယ်ကို ရောက်နေတဲ့ ကစားသမားတွေက ချယ်လ်ဆီးဆီပဲ ပြောင်းခဲ့ကြလို့ပါ။ ဒီကလန်ရိုက်စ်က ကစားသမား ဘဝရဲ့ အကောင်းဆုံးအရွယ်ကို ရောက်နေတဲ့သူပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။