ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးက သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ မိုဟာမက် ဆာလာကို လာမယ့် ၂၀၂၄ နွေဈေးကွက်မှာ ဆုံးရှုံးလိုက်ရရင် ဆာလာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဗင်နီးရှပ်ကို ပြန်ခေါ်ရန် စီစဉ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာက ရိုးမားကနေ လီဗာပူးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးစာရင်းထဲမှာလည်း ပါဝင်နေသူပါ။

Photo Credit: Standard

ဒါကြောင့်ပဲ အခုနောက်ပိုင်းမှာ ကမ္ဘာ့အဆင့် ကစားသမားတွေကို ငွေနဲ့ ပေါက်ကာ ခေါ်နေတဲ့ ဆော်ဒီလိဂ်ရဲ့ နာမည်ကြီးကလပ် အယ် အီတီဟတ်က ဆာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အယ် အီတီဟတ်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာလည်း ဆာလာကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် လီဗာပူးကတော့ ရာသီသစ် စတင်နေချိန်မှာ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဆာလာကို မဆုံးရှုံးချင်တာကြောင့် ဆာလာအတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးပဲ ရောက်လာ ရောက်လာ ငြင်းဆန် ပယ်ချမယ်လို့ ဆုံးဖြတ်ခဲ့သလို လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဆာလာကို ၂၀၂၄ခုနှစ် နွေဈေးကွက် ရောက်မှသာ ရောင်းချဖို့ စဉ်းစားထားကြပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးဟာ လာမယ့် ၂၀၂၄ နွေဈေးကွက်မှာ ဆာလာကို ဆုံးရှုံးရဖို့ ရာခိုင်နှုန်း များနေတာကြောင့် ယခုထဲက ဆာလာရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်သီး တောင်ပံတိုက်စစ် ကစားသမား တဦးကို လိုက်လံ ရှာဖွေနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ဗင်နီးရှပ်ဟာ လီဗာပူးရဲ့ အဓိက ပစ်မှတ် ဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၃နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးရှပ်ကလည်း ဆာလာလိုပဲ ကမ္ဘာ့အဆင့် ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ဗင်နီးရှပ်ကို အလွယ်တကူနဲ့ လက်လွှတ်မှာ မဟုတ်တာကြောင့် လီဗာပူးကသာ ဗင်နီးရှပ်ကို ခေါ်ယူချင်ရင် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်ကို ပေးချေရနိုင်ပါတယ်။