မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းနဲ့ သတင်းထွက်တာ အတော်ကြာနေပြီဖြစ်တဲ့ မော်ရိုကို ကွင်းလယ်လူ ဆိုဖန် အမ်မရာဘတ်ကို အခုထိ မခေါ်ယူနိုင်သေးတာကြောင့် လက်ရှိမှာ နာပိုလီအသင်းကပါ အမ်မရာဘတ်ကို ကြားဖြတ် ခေါ်ယူဖို့ စီစဉ်လာပြီလို့ စပိန်နာမည်ကျော် သတင်းစာ Marca ကနေ ဖော်ပြလာပါတယ်။

ယူနိုက်တက်အသင်းက ဒီနွေမှာ ချယ်လ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူထားခဲ့ပေမယ့်လည်း ကွင်းလယ်ပိုင်းအတွက် ကွင်းလယ် ခံစစ် ကစားသမား တစ်ဦးခန့်လောက် ထပ်မံ အလိုရှိလာခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒါကြောင့်လည်း ဖီအိုရင်တီးနားက အမ်မရာဘတ် ၊ ဘိုင်ယန်မြူးနစ်က ဂရာဗင်ဘတ် နဲ့ အဲဗာတန်က အိုနာနာတို့ကို ပစ်မှတ်ထားလျက် ရှိနေရာ ဒီကစားသမား (၃)ဦးထဲမှာ အမ်မရာဘတ်နဲ့က ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေ ပြီးခဲ့တဲ့ ဇွန်လကတည်းက ရရှိထားတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အမ်မရာဘတ်က ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် အခြားသော ကမ်းလှမ်းမှုတွေကို ပယ်ချထားတဲ့အပြင် ဖီအိုရင်တီးနားအသင်းအတွက်ပါ ပါဝင်ကစားပေးခြင်း မရှိတာကြောင့် ယူနိုက်တက် ပရိသတ်တွေကတော့ အမ်မရာဘတ်ကိုသာ အသင်းဆီ ရောက်ရှိစေချင်နေပါတယ်။

Photo Credit : Goal

ဒါပေမယ့် ယူနိုက်တက်ဘက်က အခုချိန်ထိ အမ်မရာဘတ်အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လာခြင်း မရှိသေးတာကြောင့် ဒီအခြေအနေမှာ နာပိုလီအသင်းက အမ်မရာဘတ်ကို ကြားဖြတ် ကမ်းလှမ်းသွားဖို့ စီစဉ်လာပါတယ်။

လက်ရှိမှာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်က ပိတ်သိမ်းဖို့ (၅)ရက်ပဲ ကျန်ရှိနေတော့တာဖြစ်လို့ ဖီအိုရင်တီးနားကနေ ထွက်ခွာဖို့ သေချာနေတဲ့ အမ်မရာဘတ်အနေနဲ့ ဒီရက်ပိုင်းအတွင်းမှာပဲ သူ ပြောင်းရွှေ့လိုနေတဲ့ ယူနိုက်တက်အသင်းဆီပဲ ရောက်သွားမလား ဒါမှမဟုတ် ယူနိုက်တက် မဟုတ်တဲ့ တခြားသော အသင်း တစ်သင်းသင်းဆီပဲ ရောက်သွားမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။