ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဝါရင့် နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက သူတို့အသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေက အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပြီး ကီလီယန် အမ်ဘာပေကိုလည်း ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။
ပြင်သစ် ကြယ်ပွင့် တိုက်စစ်မှူး ဘာပေဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ ပြန်လည် အဆင်ပြေနေပေမယ့်လည်း ရီးယဲလ်က ဈေးကွက်ပိတ်ခါနီးလောက်မှာ ဘာပေကို ကမ်းလှမ်းမှုတွေ ပြုလုပ်နိုင်သေးတယ်ဆိုပြီး သတင်းထွက်လာခဲ့ပါတယ်။
Photo Credit : Eurosport
ရီးယဲလ်အသင်းဟာ ဒီရာသီမှာ ဒေါ့မွန်က အင်္ဂလန် ကြယ်ပွင့်လေး ဘယ်လင်ဟမ်ကို ယူရို သန်း(၁၀၀)ကျော်နဲ့ ခေါ်ယူထားခဲ့ပြီး ဂူလာ ဟိုဆယ်လူ ကယ်ပါ အစရှိတဲ့ ကစားသမားတွေကိုတော့ အငှား ခေါ်ယူခဲ့မှုတွေ တန်ဖိုးနည်း ခေါ်ယူမှုတွေသာ လုပ်ဆောင်ထားခဲ့ပါတယ်။
လက်ရှိ ရီးယဲလ်ရဲ့ အဓိက ပစ်မှတ်ဖြစ်သူ ဘာပေက သူရဲ့ လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ပါ အခြေအနေ ရှိလာခဲ့တဲ့အတွက် ဒီလို မဖြစ်လာခင်မှာပဲ ရီးယဲလ်က ဘာပေကို ကမ်းလှမ်းမှု လုပ်ဆောင်လာလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။
Photo Credit : Goal
ဒါပေမယ့် ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရီးယဲလ် နည်းပြကြီး အန်ဆယ်လော့တီကတော့ “ကျွန်တော်တို့ ဘာပေကို ခေါ်ယူမှာ မဟုတ်ပါဘူး။ ခေါ်ယူဖို့ အစီအစဉ်မရှိတာက ရာနှုန်းပြည့် သေချာပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမားခေါ်ယူမှုက ပိတ်သိမ်းသွားခဲ့ပြီလို့ ထင်ပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။
ဘာပေဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၄ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပြီး အစောပိုင်းကတော့ အသင်းနဲ့ သက်တမ်းကုန်မှ ရီးယဲလ်ဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ စီစဉ်ထားပေမယ့်လည်း အခုတော့ ဘာပေက ပီအက်စ်ဂျီနဲ့သာ ဆက်လက် လက်တွဲဖို့ အခြေအနေ ပိုများနေရပါတယ်။