ယခု နွေဈေးကွက်အတွင်းမှာ ဥရောပရဲ့ နာမည်ကျော် ကစားသမား အများအပြားကို ခေါ်ယူကာ နာမည်ကြီးလာတဲ့ ဆော်ဒီစူပါလိဂ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ၂၀၂၅ခုနှစ်မှာ သူတို့လိဂ်ရဲ့ အကောင်းဆုံးအသင်းတွေကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခိုင်းဖို့ အတွက် ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAနဲ့ ဆွေးနွေးမှုတွေ လုပ်နေကြောင်း သိရပါတယ်။

ဆော်ဒီစူပါလိဂ်က ယခုနှစ်အစမှာ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ခေါ်ယူခဲ့ပြီးနောက် သူတို့လိဂ်ကို ဥရောပကြယ်ပွင့်တွေနဲ့ တည်ဆောက်ဖို့ စိတ်ကူးရခဲ့ပြီး အဆိုပါ စိတ်ကူးအတိုင်း ဆော်ဒီ ထိပ်သီးကလပ်တွေက ယခု နွေဈေးကွက် အတွင်းမှာ ဥရောပ ကစားသမား အများအပြားကို ခေါ်ယူခဲ့ပါတယ်။

Photo Credit: Clutch Points

ဆော်ဒီ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ အယ် အီတီဟတ် ၊ အယ် နက်ဆာ ၊ အယ် ဟီလယ် ၊ အယ် အတ်တီဖတ်တို့က ဘန်ဇီမာ ၊ နေမာ ၊ ကန်တီ ၊ မာနေး ၊ မာရက်ဇ် ၊ ဖာမီနို ၊ ဟန်ဒါဆန် ၊ မက်ဆီမန် ၊ မန်ဒီ ၊ ကတ်ဆီး ၊ ဖာဘင်ဟို ၊ ဘရိုဇိုဗစ် ၊ တဲလက်စ် ၊ မယ်လ်ကွန် ၊ မီလင်ကိုဗစ် ဆာဗစ် ၊ ရူဘင် နီဗက် စတဲ့ ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူထားနိုင်ပါတယ်။

ဘန်ဇီမာ ၊ နေမာ ၊ မာနေး ၊ ဖာမီနို စတဲ့ ကြယ်ပွင့် ကစားသမားတွေ ရောက်လာမှုနဲ့အတူ ဆော်ဒီ စူပါလိဂ်ပြိုင်ပွဲက အတော်လေးကို အကြိတ်အနယ် ရှိလာသလို ဘောလုံးပရိသတ် အများစုကလည်း ဆော်ဒီလိဂ်ကို စောင့်ကြည့် အားပေးလာကြပါတယ်။

Photo Credit: Standard

ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆော်ဒီစူပါလိဂ်ရဲ့ တာဝန်ရှိသူတွေက သူတို့လိဂ်ရဲ့ ပုံရိပ်ကို တဆင့် မြှင့်တင်ဖို့ အတွက် ဥရောပပြိုင်ပွဲတွေမှာ ဝင်ရောက် ကစားနိုင်ဖို့ ကြိုးစားနေပြီး ဆော်ဒီစူပါလိဂ်ရဲ့ တာဝန်ရှိသူတွေက ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ သူတို့လိဂ်ရဲ့ ထိပ်သီးကလပ်တွေကို ချန်ပီယံလိဂ်ပြိုင်ပွဲ အပါအဝင် ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ခွင့် ပေးဖို့ ဆွေးနွေးနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Calcio E Finanza သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆော်ဒီစူပါလိဂ်ရဲ့ တာဝန်ရှိသူတွေနဲ့ UEFAရဲ့ တာဝန်ရှိသူတွေက ဆော်ဒီကလပ်တွေကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရရေး အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး UEFAကသာ ဆော်ဒီကလပ်တွေကို ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ခွင့် ပေးခဲ့ရင် ဆော်ဒီစူပါလိဂ်က အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ နုတ်ထွက်မယ်လို့လည်း သိရပါတယ်။