မနေ့ကပဲ အီတလီ လက်ရွေးစင်အသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ နည်းပြကြီး ရောဘတ်တို မန်စီနီဟာ လက်ရှိမှာတော့ ဆော်ဒီ အာရေဗျ လက်ရွေးစင်အသင်းရဲ့ နည်းပြသစ်တစ်ဦး ဖြစ်လာဖို့အတွက် အလွန် နီးစပ်နေတယ်လို့ သိရပါတယ်။
အီတလီအသင်းကို ယူရို-၂၀၂၀ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဝါရင့် နည်းပြကြီး မန်စီနီဟာ အီတလီအသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက်မှာ ဆော်ဒီအသင်းရဲ့ ကမ်းလှမ်းမှုကြီး ရလာခဲ့ပြီး တစ်နှစ်ကို ယူရို သန်း(၄၀)နဲ့ ကမ်းလှမ်းလာခဲ့ပါတယ်။
Photo Credit : The Sun
ဆော်ဒီ အာရေဗျ ဘောလုံးအဖွဲ့ချုပ်က ဆော်ဒီ လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့အတွက် အတွေ့အကြုံရင့် နည်းပြတစ်ဦးဖြစ်သူ မန်စီနီကို တစ်နှစ်လုပ်ခ ယူရို သန်း(၃၀)နဲ့ ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိမယ့် (၃)နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ အီတလီ သတင်းမီဒီယာ La Gazzetta dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။
ဒီကမ်းလှမ်းမှုကို မန်စီနီဘက်က လက်ခံသွားဖို့ ရှိနေပြီး အီတလီလူမျိုး ဘောလုံး နည်းပြကြီး မန်စီနီဟာလည်း မကြာခင်မှာပဲ ဆော်ဒီအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ နီးစပ်နေတယ်လို့ La Gazzetta dello Sport ကပဲ ထုတ်ပြန်ခဲ့ပါတယ်။
Photo Credit : Bola
အသက် (၅၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နည်းပြကြီး မန်စီနီဟာ မန်စီးတီး အင်တာမီလန် လာဇီယို ဂါလာတာစာရေး ဇင်းနစ် အစရှိတဲ့ ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသလို အသင်းတိုင်းလိုလိုမှာလည်း ဆုဖလား အောင်မြင်မှုတွေများစွာ ရယူပေးနိုင်ခဲ့ပါတယ်။
အီတလီအသင်းကိုလည်း ၂၀၁၈ခုနှစ်ကနေ ၂၀၂၃ခုနှစ်အထိ (၅)နှစ်တာ ကိုင်တွယ်ခဲ့သေးပြီး ယူရို-၂၀၂၀ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ မန်စီနီဟာ ဆော်ဒီ လက်ရွေးစင်အသင်း နည်းပြအဖြစ် ဆက်လက် တာဝန်ယူသွားဖို့ ရှိနေပါတယ်။