လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းက သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ခေါ်ယူရန် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းထောက် အဲလက်စ် ခရော့က အခိုင်အမာ ဖော်ပြလာပါတယ်။

ယူရိုပါ ကွန်းဖရန့်လိဂ်ရဲ့ လက်ရှိ ချန်ပီယံ ဝက်စ်ဟမ်းက ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေကို ဒုက္ခပေးနိုင်တဲ့ လူစာရင်းမျိုး ပိုင်ဆိုင်ထားပေမယ့် သူတို့ရဲ့ တိုက်စစ်ပိုင်းကတော့ တသင်းလုံးမှာ အားအနည်းဆုံးနေရာ ဖြစ်နေပြီး ဝက်စ်ဟမ်းက တိုက်စစ်မှာ နောက်ခံလူ ကနေ တိုက်စစ်မှူး ဖြစ်လာတဲ့ အန်တိုနီကိုပဲ အားကိုးနေရပါတယ်။

Photo Credit: MEN

ဝက်စ်ဟမ်းရဲ့ တိုက်စစ်ပိုင်းမှာ အန်တိုနီနဲ့ ဒန်နီအင့်စ်တို့ နှစ်ဦးထဲသာ ရှိနေသလို နှစ်ဦးစလုံးကလည်း အသက် ၃၀ကျော် အရွယ်တွေ ဖြစ်တာကြောင့် ဝက်စ်ဟမ်းနည်းပြချုပ် မိုရက်စ်က လက်ကျန် နွေဈေးကွက် အတွင်းမှာ တိုက်စစ်မှူး ၁ဦး ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။

တဖက်မှာတော့ အသက် ၂၇နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်က မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က မာရှယ်ကို ယခု နွေဈေးကွက် အတွင်းမှာ ရောင်းချဖို့ စဉ်းစားထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ အဲလက်စ် ခရော့ရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းက မာရှယ်ကို သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပြီး မာရှယ်ကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေကို ယနေ့မနက်ပိုင်းမှာပဲ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က မာရှယ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိနေပြီး အန်သိုနီ မာရှယ်ကတော့ သူ့ရဲ့ အနာဂတ် အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားနေကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။