ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းက လာမယ့် ၂၄နာရီ အတွင်းမှာပဲ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ်လို့ ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အင်္ဂလန်နဲ့ စပါးတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ယခု နွေဈေးကွက် စတင်ချိန်ကတည်းက ကြိုးပမ်းနေတာ ဖြစ်ပြီး အချိန်ကြာမြင့်စွာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ဘိုင်ယန်မြူးနစ်ဟာ ယမန်နေ့မှာပဲ ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့ အတွက် စပါးနဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့ပါတယ်။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်က အသက် ၃၀ အရွယ် အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်းအတွက် စပါးထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော် ပေးချေဖို့ သဘောတူခဲ့ပြီး ဟယ်ရီကိန်းကိုတော့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုသွားဖို့ စီစဉ်နေပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က စပါးနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီးနောက် ဟယ်ရီကိန်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ဖို့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ရာ ဆွေးနွေးမှုတွေ အဆင်ပြေခဲ့တာကြောင့် မကြာခင်မှာ ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့တော့မှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို စနေနေ့မတိုင်ခင် ဆေးစစ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Photo Credit: Goal

ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်မှာ ၁နှစ် လုပ်ခလစာ ပေါင် ၂၅သန်းနဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပြီး ဟယ်ရီကိန်းရဲ့ ဇနီးသည်ကလည်း မြူးနစ်မြို့မှာ နေအိမ်တလုံး ဝယ်ယူဖို့ စတင် ကြိုးစားနေပါပြီ။