ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က ပြည်တွင်းပြိုင်ဘက် ဘရန့်ဖို့ဒ်ရဲ့ နံပါတ်၁ ဂိုးသမား ဖြစ်သူ ဒေးဗစ် ရာယာကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အာဆင်နယ်က ယခု နွေဈေးကွက် အတွင်းမှာ ကိုင် ဟားဗက်ဇ် ၊ တင်းဘား ၊ ဒီကလန်ရိုက်စ် စတဲ့ ကစားသမားတွေကို ပြောင်းရွှေ့ကြေး ပေါင် ၂၀၀သန်းကျော် အကုန်အကျ ခံကာ ခေါ်ယူထားပြီး ဖြစ်ပေမယ့် အာဆင်နယ်နည်းပြချုပ် အာတီတာက အသင်းကို တတ်နိုင်သလောက် အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Football Transfer

ဒါကြောင့်ပဲ အာဆင်နယ်က ရမ်စဒဲလ် တဦးထဲကိုသာ အားကိုးနေရတဲ့ အသင်းရဲ့ ဂိုးပေါက်အတွက် နောက်ထပ် အရည်အသွေးမြင့် ဂိုးသမား တဦး ထပ်မံ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ စပိန်ဂိုးသမား ဒေးဗစ် ရာယာဟာ အာဆင်နယ်ရဲ့ နံပါတ်၁ ပစ်မှတ်ပဲ ဖြစ်ပါတယ်။

စပိန်လက်ရွေးစင် ဂိုးသမား ဒေးဗစ် ရာယာက ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း ငြင်းဆန်ထားသူ ဖြစ်ပြီး ဘရန့်ဖို့ဒ်ကတော့ ရာယာကို ယခု နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ စီစဉ်ထားပေမယ့် ရာယာအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် လိုချင်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး အီတလီ သတင်းထောက် ရှခီယာရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဒေးဗစ် ရာယာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ အပတ်ထဲမှာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့သလို ယနေ့မနက်ပိုင်းမှာလည်း ရာယာကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ဘရန့်ဖို့ဒ်နဲ့ ပဏာမ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ရာယာဟာ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားသလို ရာယာအတွက် အာဆင်နယ်နဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ ဆွေးနွေးမှုတွေက အဆင်ပြေ အောင်မြင်နေကာ မကြာခင်မှာ အပြီးသတ် သဘောတူညီမှု ရရှိနိုင်တယ်လို့ ဆိုပါတယ်။