အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဗလာဟိုဗစ် အတွက် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ပထမဦးဆုံး ကမ်းလှမ်းချက်ကို ငြင်းဆန် ပယ်ချလိုက်ကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ရှခီယာက အခိုင်အမာ ဖော်ပြလာပါတယ်။

ချယ်လ်ဆီးက ဂျူဗင်တပ်ရဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူချင်နေသလို ဂျူဗင်တပ်ကလည်း ချယ်လ်ဆီး တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် နှစ်သင်းစလုံးက တိုက်စစ်မှူးချင်း အလဲအထပ် လုပ်ဖို့ တရားဝင် ဆွေးနွေးနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဗလာဟိုဗစ်နဲ့ လူကာကူတို့က အရည်အသွေးမြင့် အထောင်တိုက်စစ်မှူးတွေ ဖြစ်ကြပေမယ့် ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်က အသက် ၂၃နှစ် အရွယ်သာ ရှိသေးချိန်မှာ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူဟာ အသက် ၃၀ အရွယ် ရှိနေပါပြီ။

ဒါကြောင့်ပဲ ဂျူဗင်တပ်က သူတို့ရဲ့ တိုက်စစ်မှူး ဗလာဟိုဗစ် အတွက် လူကာကူ + မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် လိုချင်နေပြီး လက်ရှိမှာတော့ ဂျူဗင်တပ်က လူကာကူနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားနိုင်ပါတယ်။

 

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် ရှခီယာရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဗလာဟိုဗစ် အတွက် ပထမဦးဆုံး ကမ်းလှမ်းချက် အဖြစ် လူကာကူ + ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပေမယ့် ဂျူဗင်တပ်က ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း သိရပါတယ်။

ဆက်လက်ပြီး ရှခီယာက ဂျူဗင်တပ်ဟာ ဗလာဟိုဗစ် အတွက် လူကာကူ + ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း လိုချင်နေတာ ဖြစ်ပြီး ချယ်လ်ဆီးကတော့ မကြာခင်မှာ ဗလာဟိုဗစ် အတွက် ဒုတိယမြောက် ကမ်းလှမ်းမှု ထပ်လုပ်ဦးမယ်လို့ ဆိုပါတယ်။