ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက လိဂ်ပြိုင်ဘက် ဘရိုက်တန်ရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ကွင်းလယ်လူ ကိုင်စီဒိုနဲ့ နံပါတ်တစ် ဂိုးသမား ရော်ဘတ် ဆန်းချက်ဇ်တို့ နှစ်ဦးစလုံးကို တပြိုင်ထဲ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ခဲ့ကြတဲ့ ဟားဗက်ဇ် ၊ မေဆန်မောင့် ၊ မန်ဒီ ၊ ကိုဗာချစ် ၊ ကန်တီ ၊ မန်ဒီ ၊ ကူလီဘလီ ၊ အက်စ်ပီလီကွီတာ စတဲ့ ကစားသမားတွေ အားလုံးကို အသင်းပြောင်းခွင့် ပေးပြီးနောက် အရည်အသွေးမြင့် ကစားသမားတွေကို ပြန်ခေါ်ယူဖို့ ကြိုးစားနေပြီး သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ကိုင်စီဒိုနဲ့ ရော်ဘတ် ဆန်းချက်ဇ်တို့လည်း ပါဝင်နေပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးက ကွင်းလယ်ပိုင်းမှာ အန်ဇို ဖာနန်ဒက်ဇ်နဲ့ တွဲဖက်ပေးဖို့ အတွက် ဘရိုက်တန် ကွင်းလယ်ကြယ်ပွင့် ကိုင်စီဒိုကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေသလို မန်ဒီ မရှိတော့တဲ့နောက် ကီပါနဲ့ နေရာယှဉ်လုမယ့် ဂိုးသမား အဖြစ် ဆန်းချက်ဇ်ကိုပါ တခါထဲ ခေါ်ယူချင်နေပါတယ်။

အသက် ၂၁နှစ် အရွယ် အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒိုနဲ့ အသက် ၂၅နှစ် အရွယ် စပိန်လက်ရွေးစင် ဂိုးသမား ဆန်းချက်ဇ်တို့က ဘရိုက်တန်ရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြပေမယ့် ဘရိုက်တန်ကတော့ နှစ်ဦးစလုံး အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရောက်လာရင် နှစ်ဦးစလုံးကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ကိုင်စီဒိုအတွက် ဘရိုက်တန်နဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေသလို ယနေ့မနက်ပိုင်းမှာပဲ ရော်ဘတ် ဆန်းချက်ဇ်ကိုပါ သူတို့ရဲ့ ဆွေးနွေးမှုထဲ ထည့်သွင်းကာ နှစ်ဦးစလုံးကို တပြိုင်နက်ထဲ ခေါ်ယူဖို့ စီစဉ်နေပြီး ရော်ဘတ် ဆန်းချက်ဇ်ရော ကိုင်စီဒိုကပါ ချယ်လ်ဆီးဆီ ပြောင်းချင်နေကြောင်း သိရပါတယ်။

ဘရိုက်တန်က ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း အထိ လိုချင်နေသလို ရော်ဘတ် ဆန်းချက်ဇ်အတွက် အနိမ့်ဆုံး ပေါင် ၃၀သန်းနဲ့ ၄၀သန်းကြား ပမာဏ တရပ် လိုချင်နေပြီး ချယ်လ်ဆီးကတော့ ကိုင်စီဒိုနဲ့ ဆန်းချက်ဇ် နှစ်ဦးပေါင်း အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၁၀သန်း ဝန်းကျင်သာ သုံးစွဲချင်နေပါတယ်။